ဦးကျော်ဝင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းမှု မရှိကြောင်း ဦးအောင်ကြည် ပြော
2018.06.09

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ပတ်သက်တဲ့ တိုင်ကြားစာအပေါ် စစ်ဆေးချက်တွေအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းတာ မတွေ့ရှိတဲ့အတွက် အရေးယူဆောင်ရွက်ခွင့်မရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းရဲ့ နုတ်ထွက်စာကို ခွင့်ပြုတာဟာ အုပ်ချုပ်ရေးပိုင်းနဲ့ ဆိုင်တဲ့ကိစ္စဖြစ်တယ်လို့ ဦးအောင်ကြည်က နေပြည်တော် အဂတိလိုက်စားမှှု တိုက်ဖျက်ရေးကော်မရှင်ရုံးခန်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့အပြင် ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး အပြစ်မရှိဘူးလို့ ပြောတာမဟုတ်ကြောင်း သူနဲ့ပတ်သက်တဲ့ တိုင်ကြားချက်တွေဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းလောက်တဲ့ ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့သာ ဆိုလိုကြောင်း ပြောပါတယ်။
စီမံဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ပတ်သက်ပြီး တိုင်ကြားချက် ၈ ချက်ရှိတယ်လို့ ဦးအောင်ကြည်ရဲ့ ပြောပြ ချက်တွေအရ သိရပါတယ်။ အဲဒီထဲမှာ လူမှုရေးကိစ္စနဲ့ပတ်သက်တဲ့ တိုင်ကြားချက် ၃ ချက်၊ တကယ်ကျူးလွန်ရင် အရေးယူခံရနိုင်တဲ့ တိုင်ကြားချက် ၂ ချက်၊ မမှန်မကန်တိုင်ကြားချက် ၂ ချက်နဲ့ လုပ်ငန်းရှင်တစ်ဦးက ဝန်ကြီးဌာန အမည်ခံပြီး ဂေါက်ရိုက်ပြိုင်ပွဲကျင်းပတဲ့ တိုင်ကြားချက် စတာတွေပါဝင်ပါတယ်။
အဂတိလိုက်စားမှုနဲ့ငြိနိုင်တဲ့ အချက် ၂ ချက်ကတော့ ပုဂ္ဂလိကဘဏ်တစ်ခုကို လိုင်စင်ထုတ်ပေးတာနဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်ကို လယ်ဆည်ဝန်ကြီးဌာနအောက် ပြောင်းရွှေ့သတ်မှတ်တဲ့ ကိစ္စတွေဖြစ်ပြီး အဲဒီကိစ္စတွေဟာ ဦးကျော်ဝင်း ဝန်ကြီးတာဝန်ယူစဉ်မှာ ဆောင်ရွက်ခဲ့တဲ့ ကိစ္စမဟုတ်ဘူးလို့ ဦးအောင်ကြည်က ဆိုပါတယ်။
ကော်မရှင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းခြင်း ရှိ မရှိ တစ်ခုတည်းကို ကိုင်စွဲတာဖြစ်တဲ့အတွက် အဲဒီဥပဒေနဲ့မငြိစွန်းရင် အရေးယူလို့ မရကြောင်း၊ တိတိကျကျခိုင်ခိုင်မာမာ တိုင်ကြားကြဖို့လည်း ပြောပါတယ်။
ဒါ့အပြင် ဦးကျော်ဝင်းရဲ့ သားဖြစ်သူနဲ့ ပတ်သက်ပြီး စစ်ဆေးရာမှာလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတဲ့ တေ့ွရှိချက် မပေါ်ပေါက်ဘူးလို့ ဆိုပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ ၆ လအတွင်း တိုင်ကြားစာပေါင်း ၃၈၉၈ စောင်ရောက်ရှိပြီး အဲဒီထဲမှာ အရေးယူလို့မရတဲ့ တိုင်ကြားစာ နှစ်ထောင်ကျော်ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးမဝင်တဲ့အတွက် အရေးယူလို့မရတာဖြစ်တယ်လို့ သိရပါတယ်။