သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ အနုပညာရှင် သုံးဦး ဖမ်းဆီးအမှုဖွင့်ခံရ
2023.04.21
ရန်ကုန်မြို့မှာ နေထိုင်တဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ သရုပ်ဆောင် မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်၊ မေလသံစဉ်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ - က နဲ့ အမှုဖွင့်လိုက်ပြီး တချို့ကို မနေ့က ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“မနေ့က ကိုကျော်မင်းဆွေကို စမ်းချောင်းမြို့မ ရဲစခန်းကို အပ်တယ်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ - က နဲ့ အမှုဖွင့်ထားတယ်။ သရုပ်ဆောင် မေပန်းချီနဲ့ ရွှေရည်သိန်းတန် တို့ကိုလည်း မနေ့က ညကပဲ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ရဲစခန်းမှာ ၅၀၅-က နဲ့ပဲ အမှုဖွင့်ထားတယ်။ အဆိုတော် မေလသံစဉ်ကိုလည်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှာ ၅၀၅-က နဲ့ပဲ အမှုဖွင့်ထားတယ်။ သူ့ကိုတော့ မနေ့က ရုံးထုတ်သွားပြီ”
သူတို့ လေးယောက်စလုံးက ကန့်ဘလူမြို့နယ်၊ ပဇီကြီး ကျေးရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက်မှာ ဝေဖန်ရေးသားခဲ့တဲ့အတွက် အများပြည်သူကို ဆူပူအောင် လှုံ့ဆော်တယ်လို့ဆိုပြီး အခုလို အရေးယူခံရတာလို့ အဲဒီ ရှေ့နေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ သူတို့တွေကို စစ်ကောင်စီလက်အောက်ခံ လုံခြုံရေး အဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ စစ်ကြောရေးတစ်ခုကို ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးကျော်မင်းဆွေဟာ The Voice Weekly ဂျာနယ်ရဲ့ အယ်ဒီတာချုပ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သလို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
သတင်းစာဆရာတွေ ပြုစုထားတဲ့ မှတ်တမ်းတွေအရ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းက သတင်းသမား ၁၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံရပြီး သတင်းစာဆရာ သုံးဦး သေဆုံးခဲ့ရပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းတွေအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၁၄၆၇ ဦးရှိပြီး သူတို့ အထဲမှာ ၁၇၅၆၃ ဦးကတော့ ထိန်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။