နာရေးကူညီမှုအသင်းကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည်ကော်မတီ ထုတ်ပြန်

စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးနေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ကျေးဇူးတင်ကြောင်း ကချင်ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီရုံးက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

2011.12.17
ffss-kachin-refugee-305 နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့ဝင်များ ကချင်ပြည်နယ်အတွင်းမှ စစ်ပြေးဒုက္ခသည်များကို အကူအညီပေးအပ်နေစဉ်။
Kyaw Thu/Facebook

ဒီကော်မတီကို KIO က ဖွဲ့စည်းပေးထားတာ ဖြစ်ပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီဖို့ စခန်း ၁၄ ခု ဖွင့်ပြီး အကူအညီပေးနေတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်း ၁၄ ခုမှာ စာရင်းကောက်ယူမှုအရ ဒုက္ခသည် ၅ သောင်းကျော် ရှိနေပါတယ်။

လတ်တလော တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ဒုက္ခသည် အရေအတွက် တနေ့တခြား တိုးလာနေတယ်လို့ စခန်းတွေမှာ တာဝန်ယူနေသူတွေက ပြောပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး KIA ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ခုလို ပြောပါတယ်။

“ဦးကျော်သူ ခေါင်းဆောင်ပြီး ကူူညီရေးအသင်းကနေ ကချင်ပြည်နယ်မှာရှိတဲ့ စခန်းတွေမှာ လာပြီး ကူညီနေတဲ့ ကိစ္စကို ကျနော်တို့က ကျေးဇူးတင်တယ်၊ ကြိုဆိုတယ်။ နောက် မြစ်ကြီးနား၊ ဝိုင်းမော်လို ဒေသမျိုး မဟုတ်ဘဲနဲ့ နယ်စပ်တလျှောက်မှာလည်း စခန်းတွေ အများကြီးရှိတယ်။ အဲဒီစခန်းတွေမှာ လူ ၅ သောင်းလောက် ရှိပါတယ်။ တကယ်လို့ ဦးကျော်သူခေါင်းဆောင်တဲ့ အဖွဲ့အနေနဲ့ ဒီဒေသတွေကို လာပြီး လေ့လာချင်တယ်၊ အကူအညီ ပေးချင်တယ်ဆိုရင် ကျနော်တို့ဘက်ကလည်း ကြိုဆိုတယ်၊ လိုအပ်တဲ့ အကူအညီများကို ကျနော်တို့ ဆောင်ရွက်သွားမယ် ဆိုတဲ့စာ ထုတ်ပြန်တာ ဖြစ်ပါတယ်”

အခုလို ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စစ်ပွဲတွေ ဆက်တိုက် ဖြစ်နေတာကြောင့် အကန့်အသတ်တွေ ရှိနေတယ်လို့ နာရေးကူညီမူအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။

ဒီကနေ့ ကချင်ဒုက္ခသည်ကော်မတီက ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ဦးကျော်သူကို မေးမြန်းရာမှာ မိမိတို့ အနေနဲ့ တတ်နိုင်သလောက် အကူအညီတွေ ဆက်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေး ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ စစ်ပွဲတွေ အမြန်ဆုံး ရပ်စေချင်တယ်။ ဘာကြောင့်ဆို ကြားထဲက မြေစာပင်ဖြစ်တဲ့ တိုင်းရင်းသား ညီအကိုမောင်နှမတွေ၊ စစ်ပြေးဒုက္ခသည်တွေ အတွက် တော်တော်လေး အန္တရာယ် ကြီးမားတယ်။ သူတို့ဒေသလည်း သူတို့ ပြန်ချင်တယ်၊ သူတို့ အိုးအိမ် သူတို့ ပြန်ချင်တယ်။ သူတို့လယ်ယာမှာ သူတို့ ထွန်ယက်စားသောက်စေချင်တဲ့ ဆန္ဒ ရှိတယ်။ အဲဒီတော့ ဒါ စစ်ပွဲတွေ ရပ်မှ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်မှာ။ ငြိမ်းချမ်းမှုကိုပဲ အဓိက လိုချင်ပါတယ်။ အမြန်ဆုံးလည်း ငြိမ်းချမ်းစေချင်ပါတယ်”

နာရေးကူညီမှုအသင်း (ရန်ကုန်) အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က စပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ အမရပူရ ဘဝအလင်း ပရဟိတအသင်း စတဲ့ အသင်းအဖွဲ့တွေ အပြင် မြစ်ကြီးနားမှာ ရှိတဲ့ လူမှုရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေအတွင်း ဒုက္ခသည်တွေကို အကူအညီ ပေးနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-17 21:51

လေးစားမိပါတယ်

Anonymous
2011-12-17 21:48

ဒုက္ခရောက်တာကိုကူညီတဲ့ စိတ်ကိုပိုမိုနှစ်သက်မိလို့ ပါ