အမြောက်တပ်ကို ရှော့တိုက်ဒုံးနဲ့ AA ပစ်၊ တိုက်ပွဲဖြစ်လို့ အရပ်သားနှစ်ဦး ဒဏ်ရာရ

နေမျိုးထွန်း
2019.10.23
kyauktaw-622.jpg ကျောက်တော်-အပေါက်ဝ- ပြိန်းချောင်းလမ်းတစ်နေရာကို ၂၀၁၉ သြဂုတ် ၂၄ ရက်နေ့ကတွေ့ရစဉ်။
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ကန်စောက်နယ်အခြေစိုက် အမြောက်တပ်ရင်း ၃၇၇ ကို ရက္ခိုင့်တပ်တော် AA က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ တပ်မတော်နဲ့ ဒီနေ့မနက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒီမနက် တိုက်ပွဲဖြစ်ပြီးကတည်းက ၃၇၇ နဲ့ ၅၃၉ တပ်ရင်းတွေကနေ ယိုးချောင်းအနောက်ဘက် တောင်တန်းတွေကို နေ့လယ်အထိ မရပ်မနား ပစ်ခတ်နေတာရှိပြီး အထိအခိုက် ရှိမရှိကိုတော့ မသိရ သေးဘူးလို့ AA ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

AA က ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခက အခုလို ပြောပါတယ်။AA ပြောခွင့်ရသူ ခိုင်သုခ

"အမြောက်စခန်းဝင်းထဲကို ပစ်ခတ်တာဖြစ်လို့ ထိခိုက်ကျဆုံးမှုတွေ ကို မသိရသေးဘူး၊ ကျနော်တို့စုံစမ်းနေတုန်းပါ။ ကျနော်တို့ AA ဖက်က လျှပ်တပြတ်ဝင်ပစ်တာမို့လို့ ဘာမှ အထိအခိုက် မရှိဘူး"

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ၁၀၇ အမြောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမဟုတ်ဘဲ၊ ရိုးရိုးလက်နက်ကြီးနဲ့ပစ်တာဖြစ်ပြီး တပ်မတော်ဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

"၁၀၇ မဟုတ်ပါဘူး ရိုးရိုးစိန်ပြောင်းပါ။ တပ်မတော်ဘက်က ထိခိုက်မှု ဘာမှုမရှိပါဘူး"

တိုက်ပွဲဖြစ်ပွားရာ အနီးဝန်းကျင်မှာရှိနေတဲ့ ပြိန်းချောင်းကျေးရွာနားက အပေါက်ဝကျေးရွာထဲကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲလို့ အရပ်သား နှစ်ဦး ဒဏ်ရာရရှိသွားခဲ့ပါတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ထဲက ပြိန်းချောင်းကျေးရွာအုပ်စုရဲ့ အနောက်ဘက် တောင်ကြောတွေပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်မှုတွေ ဒီမနက် ငါးနာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့ခံ ဦးကျော်လှမြင့်က အဲလိုပစ်ခတ်မှုတွေ ဖြစ်ပေါ်လာပြီးနောက် နာရီဝက်အကြာမှာ ကန်စောက်အခြေစိုက် တပ်မတော်တပ်ရင်းတွေဖြစ်တဲ့ ၃၇၇ နဲ့ ၅၃၉ ကနေ အမြောက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လာတယ်လို့ သူက ပြောပါတယ်။

"ဒီနေ့ဖြစ်တာကတော့ ငါးနာရီကျော်မှာ ကျောက်တော်မြို့နယ်က တောင်ကြားလေးတွေမှာ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေ ကြားရတယ်။ ကြားရတာနဲ့ တစ်စပ်တည်းမှာပဲ ၃၇၇ လက်နက်အမြောက်တပ်ကနေပြီး အပေါက်ဝကျေးရွာဘက်၊ ပြိန်းချောင်းကျေးရွာဘက် လယ်ကွင်းပြင်တွေ၊ ချောင်းထဲတွေ၊ မြစ်ထဲတွေ၊ ရွာဘက်တွေကို အမြောက်ကြီးတွေနဲ့ ပစ်လိုက်တာပေါ့။ အပေါက်ဝကျေးရွာ ရွှေဖြူစုပေါ့ မြေးအဖိုးနေတဲ့ အိမ်ခေါင်းမိုးမှာကျပြီးတော့ ပေါက်ကွဲပြီးတော့ မြေးအဖိုး နှစ်ဦးကို ထိသွားတာပေါ့ဗျာ"

ကန်စောက်က တပ်မတော်တပ်ရင်းတွေကို ဒေသခံတွေက အမြောက်တပ်ရင်းတွေလို့ ခေါ်ကြပါတယ်။

အမြောက်တွေနဲ့ ခြောက်ကြိမ်ခန့် ပစ်ခတ်ပြီး နောက်ပိုင်းမှာတော့ အပေါက်ဝကျေးရွာက ဦးကျော်စိန်ရဲ့ နေအိမ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲလို့ သူနဲ့ မြေးဖြစ်သူ ဒဏ်ရာရသွားတယ်လို့ ပြောကြပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးရဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးကိစ္စကို အတည်ပြုပေးပြီးတော့ အသေးစိတ်သိရှိနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ ပြောပါတယ်။

ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာကို သူ့အနေနဲ့ မသိဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပွားရာနေရာဟာ ကျောက်တော်မြို့ တောင်ဘက် ၁၂ မိုင်ဝန်းကျင် အကွာအဝေးမှာ တည်ရှိတာဖြစ်ပါတယ်။

အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့တုန်းကလည်း မင်းပြားမြို့နယ် ဒိုင်းသားကျေးရွာဘက်မှာ တိုက်ပွဲပြင်းထန်လို့ တိုက်ခိုက်ရေးရဟတ်ယာဉ် နှစ်စီး အသုံးပြုပြီး တိုက်ခိုက်တာရှိခဲ့တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်က ခြေမြန်တပ်ရင်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးထက်၊ အမြောက်ကြီးတွေ နဲ့သာ ရမ်းသမ်းပစ်ခတ်တာများနေကြောင်းနဲ့ တိုက်ပွဲတွင်းက ဖမ်းဆီးရရှိသူတချို့လည်း ရှိတယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ လုံခြုံရေးနဲ့ ဆိုင်တာမို့လို့ အသေးစိတ်ကို ထုတ်မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။

တစ်ပတ်တိုက်ပွဲအတွင်း လက်နက်ငယ်ကျည်ဆန် တစ်သောင်းကျော်၊ MG-42 အရပ်အခေါ် ငါးကြင်းမြီး စက်သေနတ်အကြီးစားကျည်တွေ၊ ၄၀ မမ လောင်ချာသီး၊ ၆၀ မမ မော်တာသီးနဲ့ အီနာဂါတွေ အလုံးရေ ရာချီ သိမ်းဆည်းရရှိတယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ပွင့်လင်းရာသီရောက်လာတာနဲ့အမျှ လူအင်အား၊ လက်နက်အင်အားဖြည့်တင်းနေတာမို့ တိုက်ပွဲပိုပြင်းထန်လာနိုင်တယ်လို့လည်း AA ဘက်က သုံးသပ်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ရခိုင်တိုက်ပွဲဖြစ်ပွားရာနေရာတွေမှာ ပစ်ခတ်ခံရလို့သေဆုံးတာ၊ ဖမ်းဆီးစစ် ဆေးခံရပြီးသေဆုံးတာ စုစုပေါင်း ၁၀ လ ဝန်းကျင်အတွင်းမှာ အရပ်သားဦးရေ ၁၂၀ ဝန်းကျင် ရှိလာပြီး၊ နေရပ်စွန့်ခွာထွက်ပြေးရသူ ဦးရေ ခြောက်သောင်းကျော် ရှိတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။