ကျောက်တော်မှာ စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲလို့ သားအမိသုံးဦး သေဆုံး

2021.04.05

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာမှာ မနေ့ညနေက စစ်လက်ကျန်ပစ္စည်း ပေါက်ကွဲရာကနေ သားမိ သုံးဦး သေဆုံးပြီး ကလေး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိသွားပါတယ်။

သား သုံးဦးရဲ့မိခင် အသက် ၃၀ အရွယ် ဒေါ်အေးအေးသန်းနဲ့ သားတွေဖြစ်တဲ့ အသက် ၅ နှစ်အရွယ် မောင်အောင်ကိုလင်း၊ အသက် ၃ နှစ်အရွယ် မောင်ကျော်ဆန်းဝင်းတို့သေဆုံးသွားကြတာပါ။

အသက် ၃ နှစ်အရွယ် ကလေးက ပွဲချင်းပြီးသေဆုံးပြီး ကျန်သားမိ နှစ်ဦးကတော့ ဆေးရုံကိုရောက်ပြီးမှပဲ သေဆုံးခဲ့တာလို့ အကူအညီတွေပေးခဲ့တဲ့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိလူမှုကူညီရေးအသင်းက ကိုဇော်ထွန်းကပြောပါတယ်။

“ကျွန်တော်တို့ကတော့ ဖြူစင်မေတ္တာပရဟိတအသင်းအနေနဲ့ သိသိချင်းမှာပဲ အချိန်နဲ့တစ်ပြေးညီ လူနာတွေကို ဆေးရုံပေါ်ရောက်ရှိရေးအတွက် အတတ်နိုင်ဆုံးတော့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ စိတ် မကောင်းစွာနဲ့ဘဲ ဆေးရုံရောက်တဲ့အချိန်မှာပဲ အဲဒီ ကလေးလေးနဲ့ ကလေးအမေက အသက်ဆုံးသွားတယ် ပေါ့။ ဆေးရုံမှာ ကုသနေရတဲ့ကလေးကိုလည်း ကျွန်တော်တို့က တောက်လျှောက်အကူအညီတွေ ပေးထားတယ်။ သေဆုံးသွားတဲ့ အလောင်းတွေကိုလည်း ကျွန်တော်တို့ ဖြူစင်မေတ္တာအသင်းက ကမကထ မဟုတ်ရင်တောင်မှ အတတ်နိုင်ဆုံး ဝိုင်းဝန်းပြီးတော့ အလောင်းမြေချနိုင်ရေး ဝိုင်းဝန်းလုပ်ပေးနေကြ ပါတယ်။”

သေဆုံးသွားတဲ့ သားမိ သုံးဦးကို ဒီနေ့ သင်္ဂြိုဟ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အသက်မသေဘဲကျန်ခဲ့တဲ့ သားအကြီးဆုံးဖြစ်သူ အသက် ၇ နှစ်အရွယ် မောင်ဝေယံလင်း ကတော့ ဒဏ်ရာအပြင်းအထန်ရပြီး ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ရွှေပြည်ကျေးရွာက လူကြီးတစ်ဦးဖြစ်သူ ဦးမောင်မဲစိန်က နေအိမ်နဲ့မလှမ်းမကမ်းမှာရှိတဲ့ မြောင်းထဲကနေ ပစ္စည်းတခုခုကို ကလေးတွေမနေ့က အိမ်သယ်လာပြီးကစားရာက ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ပြောပါတယ်။

“သူ့တို့မှာက ကလေးသုံးယောက် ရှိတယ်။ သားအကြီးက ၇ နှစ်အရွယ်၊ သားအလတ်က ၅ နှစ်၊ သားအငယ် က ၃ နှစ်။ သူတို့ကဆင်းရဲတော့ အပြင်မှာ အလုပ်ထွက်လုပ်ကြရတယ်။ ဟင်းရှာ၊ ဟင်းခူးအလုပ်ပေါ့။ အဲဒီကနေ ပြန်လာကြချိန်မှာဖြစ်တယ်။ သူတို့အိမ်အနီးမှာ မြောင်းကြီးတစ်ခုရှိတယ်။ အဲဒီနားမှာ ကျွန်းတောတစ်ခုလည်း ရှိတယ်။ ကလေးတွေက အဲဒီမှာသွားဆော့ရင်း ပစ္စည်းတစ်ခုခုကို ယူလာခဲ့ပုံ ရတယ်။ အဖေက အိမ်သာတက်နေတယ်။ အမေနားမှာ ကလေးတွေက ဆော့ကစားနေကြရင်း သူတို့သားမိ သုံးယောက်ကြားထဲမှာပဲ ပေါက်ကွဲ သွားတာ။”

သူတို့နေအိမ်နဲ့ မလှမ်းမကမ်းက ကျွန်းတောမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့ အကြား ပြီးခဲ့တဲ့နှစ်က တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး မနေ့က ပေါက်ကွဲတဲ့ပစ္စည်းဟာ အဲဒီအချိန်ကပင် ကျန်နေခဲ့တဲ့ ပစ္စည်းတခုခု ဖြစ်နိုင်ကြောင်း ဦးမောင်မဲစိန်က ပြောပါတယ်။

ကျေးရွာအနီးဝန်းကျင်မှာ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေအပါအဝင် စစ်ကျန်လက်နက်ပစ္စည်းအချို့ကို တွေ့ရလို့ မြစ်ထဲကို လွှင့်ပစ်တဲ့နည်းနဲ့ ဖြေရှင်းနေတာတွေရှိပြီး ရွာသားတွေအားလုံးကို ဘယ်သူကမှ ထိထိရောက်ရောက် အသိပညာ မပေးဘူးလို့ ကျေးရွာသားတွေကပြောပါတယ်။

ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက စစ်ကျန်လက်နက် ပစ္စည်းပေါက်ကွဲတဲ့အတွက် မနေ့ကထိ လူ ၂၃ ယောက် ထိခိုက်ဒဏ်ရာရ သေဆုံးရတယ်လို့ပြောပါတယ်။

“ကျောက်တော်မှာက ကျွန်တော် စာရင်းပြုစုမိသလောက် စစ်လက်ကျန်ပစ္စည်းနဲ့ ဒဏ်ရာရတာနဲ့ သေဆုံးတာနဲ့ဆို အကုန်လုံး ၂၃ ယောက်ဖြစ်ပြီပေါ့။ တော်တော်များများကတော့ ရွာနဲ့အလှမ်းဝေးတဲ့ နေရာတွေမှာ ဖြစ်ပွားတာ မဟုတ်ဘူး။ ရွာနဲ့ကပ်လျက် ရွာနီးချုပ်စပ်မှာ၊ ရွာနဲ့ကပ်နေတဲ့ သူတို့ရဲ့ စိုက်ခင်းတွေနဲ့ တောတောင်တွေနားမှာပေါ့။ တချို့ကလည်း ရွာထဲမှာတင်ဖြစ်ပွားတာပေါ့။ ကုလားတန် အထက်ပိုင်းဒေသတွေမှာ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေမှာလည်း မိုင်းကွဲတဲ့ ဖြစ်ရပ်တွေကိုလည်း ခဏခဏ ကြားနေရတယ်။ တော်တော် ဆိုးဆိုးဝါးဝါး ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်တွေဖြစ်နေတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်။ ဆိုတော့ မိုင်းနဲ့စစ်ကျန် ပစ္စည်းအန္တရာယ်ကတော့ အခုလောလောဆယ် တိုက်ပွဲတွေ ရပ်သွားတဲ့အချိန်မှာတောင်မှ ကျွန်တော်တို့အနေနဲ့ အိမ်မက်ဆိုးတစ်ခုကို ခံစားနေကြရသလိုရှိနေတယ်။”

တိုက်ပွဲတွေနဲ့ အပစ်အခတ်တွေဖြစ်ပွားခဲ့တဲ့ ရပ်ရွာတွေရဲ့အနီးဝန်းကျင်နေရာတွေမှာ ဒေသခံတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေပေါင်းပြီး ပေါက်ကွဲပစ္စည်း ရှင်းလင်းဖို့လိုအပ်ပြီး ဒီလိုမှမဟုတ်ရင် အခုလို မလိုလားအပ်တဲ့ အသက်ဆုံးရှူံးမှုတွေလည်း ရှိလာနိုင်သေးတယ်လို့ ဦးဦးထွန်းက ပြောပါတယ်။

လက်ရှိစစ်ကောင်စီကတော့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက်ဆိုပြီး ကားလမ်းမ ဝဲယာတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစ မိုင်းရှင်းပါတယ်။

ဒါပေမဲ့ ရပ်ရွာတွေ အနီးဝန်းကျင်မှာရှိနေတဲ့ စစ်ကျန်လက်ပစ္စည်းတွေ ရှင်းလင်းရေး၊ အသိပညာပေးရေးနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ဆောင်တာမတွေ့ရဘူးလို့ ဒေသခံတွေက ထောက်ပြကြပါတယ်။

ရခိုင်ပြည်နယ်မှာ မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက အန္တရာယ်ရှိတဲ့နေရာတွေကို မြေပုံတွေ စနစ်တကျ ရေးဆွဲပြီး စစ်လက်ကျန်ပစ္စည်း ရှင်းလင်းဖို့လိုအပ်နေပြီလို့ ပြောပါတယ်။

“မိုင်းနဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ ရှိနေနိုင်တဲ့နေရာတွေနဲ့ ပတ်သက်ပြီးတော့ မြေပုံရေးရမယ်။ ထိခိုက်တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာကုစားမှုတွေ လုပ်ရမယ်။ နောက် အဲဒီမိသားစုတွေကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ရမယ်။ နောက်ရှင်းလင်းရေးတွေကို အပြီးသတ်လုပ်ရမှာပေါ့။ နောက်ဆုံး တစ်ဆင့်က ကျတော့ မိုင်းတွေလည်း ရှင်းလင်းပြီဆိုတော့မှ ဒေသခံတွေကို ပြန်လည်နေရာချပြီးမှ ဖွံ့ဖြိုးမှုအစီအစဉ်တွေကို လုပ်ပေးရမှာပေါ့နော်။ ဒီအဆင့်တွေ အများကြီးရှိပါသေးတယ်။ ဒါတွေကကျတော့ အစိုးရဘက်က သဘောထားပေါ့နော်။ သူတို့ရဲ့မူဝါဒတွေကလည်း အရမ်းအရေးကြီးပါတယ်။ နိုင်ငံတကာ ဘက်ကနေပြီးတော့မှ ဒီအနေ အထားတွေအပေါ်မှာ သူတို့အနေနဲ့ ပူးပေါင်းပါဝင် ကူညီလိုစိတ်ပေါ့နော် ဒါတွေလည်း အရမ်းအရေးကြီးပါတယ် ခင်ဗျ။”

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး စစ်တွေ၊ အမ်း၊ ရသေ့တောင် မောင်တော စတဲ့ ကားလမ်းအနီး ပတ်ဝန်းကျင်တွေကို မြန်မာစစ်တပ်က မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ်။

အခုလိုရှင်းနေချိန်မှာပဲ မိုင်းနဲ့ စစ်ကျန်လက်ပစ္စည်း ပေါက်ကွဲမှုကြောင့် အမ်း၊ ရသေ့တောင်၊ မြေပုံနဲ့ ကျောက်တော်မြို့နယ်တွေမှာ မနေ့ကအထိအဆိုရင် သေဆုံးသူ သုံးဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ငါးဦးရှိပါတယ်။

RFA က ရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လက်နက်ကျည်၊ မိုင်းစတာတွေအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ သေဆုံးတဲ့အရပ်သားဟာ စစ်ပွဲတွေပြင်းထန်ခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့ကအထိ သေဆုံးသူ ၃၁၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၇၁၉ ဦးအထိ ရှိပါတယ်။

စစ်ရေးပဋိက္ခတွေကြောင့် လူပေါင်း တစ်သိန်းသုံးသောင်းကျော်ဟာလည်း ဒီနေ့အချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။