ANP ပါတီတွင်း အခြေ အနေ ပြန်လည် သုံးသပ် ပွဲ ကျောက်တော်မှာ ကျင်းပ
2016.10.08

ရခိုင်အမျိုးသားပါတီ ANP တွင်းက အခြေအနေတွေကို ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲကို နှစ်ပါတီပေါင်း စည်းရာမှာပါဝင်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေက ဒီနေ့ ကျောက်တော်မြို့မှာ စတင်ကျင်းပနေပါတယ်။
ANP ပါတီဟာ အရင် RNDP နဲ့ ALD ပါတီနှစ်ခုကို ပေါင်းစပ်ထားတာဖြစ်ပြီး အခုအချိန်မှာ ဆက်ပြီးပေါင်းမလား ဒါမှမဟုတ် ခွဲထွက်မလားဆိုတာကို အဖြေထွက်အောင် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ANP ပါတီမှာ ဗဟိုကော် မတီဝင်ဟောင်း ဦးမြင့်ကျော် က ပြောပါတယ်။
"ANP ပါတီတွင်းမှာ၊ နောက်ပြီးတော့ အဲ့ဒီကြောင့်ဖြစ်လာတဲ့ နိုင်ငံရေးတစ်ခုလုံးပြန်ပြီးတော့သုံးသပ် ပြီးတော့ ဆွေးနွေးနေကြတယ်၊ ANP ထဲမှာရှိတဲ့ ALD အနေနဲ့ ရှေ့ဆက်ပြီးတော့ သွားနိုင်မလား၊ ဘာလို့ လည်းဆိုတော့ ANP မှာရှိတဲ့ ဥက္ကဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့၊ အဖွဲ့တွေအကုန်လုံးက RNDP အဖွဲ့ ဝင်တွေဖြစ်နေတယ်၊ အဲ့လိုအခြေအနေမျိုးမှာ ကျနော်တို့အနေနဲ့ ရခိုင်ပြည်ရဲ့နိုင်ငံရေးမှာ ပြောခွင့်ဆိုခွင့် ရလာအောင် ရှေ့ဆက်ပြီးတော့ ဘယ်လိုသွားကြမလဲဆိုတာဆွေးနွေးတော့ အဲ့လိုကိစ္စတွေပါလာတာပါ"
ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီနှစ်ခု မရှိဖို့ဆိုပြီး ရခိုင်ပြည်သူလူထုက တောင်းဆိုမှုတွေ ရှိခဲ့တာကြောင့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD ပါတီ နှစ်ခုကို ရခိုင်အမျိုးသားပါတီ ANP အဖြစ် ပေါင်းစည်းခဲ့တာဖြစ်ပါတယ်။
ပါတီနှစ်ခုပူးပေါင်းပြီးနောက်ပိုင်း နှစ်ဘက်ပါတီဝင်ဟောင်းတွေအကြား သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ အဲဒီနောက် ALD ပါတီဝင်ဟောင်း အတော်များများကို ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ANP ပါတီကနေ ထုတ်ပယ်ခဲ့ပါတယ်။
ကျောက်တော်မြို့မှာ ဒီနေ့ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်အတွင်း ပါတီနိုင်ငံရေးနဲ့ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မြို့နယ်အလိုက် တင်ပြဆွေးနွေးကြသလို မနက်ဖြန်မှာ ပါတီသစ်တစ်ခုထူထောင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
အဲဒီဆွေးနွေးပွဲကို ALD ပါတီထောက်ခံသူတွေနဲ့ ရခိုင် ဒေသခံ ၂ဝဝ လောက် တက်ရောက်ကြပါတယ်။