ကျောက်ဖြူမြို့ပေါ် ဟင်းသီးဟင်းရွက် လာရောင်းသူအချို့ ဖမ်းဆီးခံရ

RFA Burmese
2023.12.04
ကျောက်ဖြူမြို့ပေါ် ဟင်းသီးဟင်းရွက် လာရောင်းသူအချို့ ဖမ်းဆီးခံရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ တစ်နေရာကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရွာတွေဘက်ကနေ မြို့ပေါ် ဟင်းသီးဟင်းရွက် လာရောင်းတဲ့ စျေးသည်တွေကို ဒီဇင်ဘာလ ၄ ရက်ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ စျေးသည်တွေက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ စျေးသည်အများစုဟာ မြို့ပေါ်နဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ အုန်းတော၊ ဂုံးရှိန်၊ လိပ်ခမော်နဲ့ မလကျွန်း ရွာတွေကဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာနဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီစျေးသည်တွေဟာ အုန်းတောရွာဆိပ်ကမ်းကနေ ကူးတို့လှေနဲ့ တောင်ရှည်ချောင်း ရေလမ်းအတိုင်းလာကြပြီး ကျောက်ဖြူဘက်အခြမ်း ဆိပ်ကမ်းအရောက်မှာ ဖမ်းဆီးခံရတာလို့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ပြန်လို့လွတ်တယ်လို့တော့ မကြားသေးဘူး။ မနက်ကတည်းက ဟင်းတောင်းတွေနဲ့ ဖမ်းထားတယ်။ အခုထိ မရောက်ကြသေးဘူး။ ဒီအုန်းတောလှေဆိပ်ကနေ ကျောက်ဖြူဘက်ကမ်း လှေဆိပ်ကို ကူးရာမှာ ကျောက်ဖြူဘက် ဆိပ်ကမ်းအရောက်မှာ ဖမ်းတာပါ”

ဟင်းသီးဟင်းရွက်ရောင်းတဲ့ စျေးသည်တွေထဲမှာ အမျိုးသမီးတွေအပြင် အမျိုးသားတွေပါ ပါဝင်ပြီး သူတို့ကို စစ်ကားပေါ် တင်ခေါ်သွားတာလို့ ဆိုပါတယ်။

ဘယ်နှစ်ဦး ဖမ်းဆီးခံရသလဲဆိုတာ ဒေသခံတွေအနေနဲ့ တိတိကျကျ မပြောနိုင်သေးသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ရခိုင်မှာ တိုက်ပွဲစခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နောက်ပိုင်း မြို့ချင်းဆက်လမ်းတွေအပြင် မြို့ပေါ်နဲ့ နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကုန်းလမ်း၊ ရေလမ်းတွေကိုပါ စစ်ကောင်စီ တပ်က ပိတ်ဆို့လိုက်တာကြောင့် လုပ်ကိုင်စားသောက်ဖို့ အခက်အခဲကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။