ကျောက်ဖြူစီမံကိန်း လိုအပ်ဟု မြန်မာဝန်ကြီး ပြောကြား


2018.06.30
kyaukphyu-jetty-622.jpg ကျောက်ဖြူ မဒေးကျွန်းမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော UNITED DYNAMIC သဘောၤကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Thaung Tin

မြန်မာအစိုးရအနေနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖေါ်လိုကြောင်း ပြည်ထောင်စု ဝန်ကြီးနဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီး ကုန်ကျစရိတ် လျှော့ချရေးအတွက် တရုတ်ပြည်နဲ့ ညှိနိုင်းနေကြောင်းနဲ့ မကြာခင် ဆုံးဖြတ်ချက်ချမှာဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့တယ်လို့ The South China Morning Post သတင်းစာက ရေးပါတယ်။

ဒီစီမံကိန်းကြောင့် တရုတ်ပြည်ကို ကြွေးအမြောက်အများတင်မယ့် အရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ သီရိလင်္ကာနိုင်ငံမှာ တရုတ်ပြည်က အလားတူ တည်ဆောက်ခဲ့တဲ့ Hambantota ဟမ်ဘန်တိုတာ ရေနက်ဆိပ်ကမ်း စီမံကိန်းကို သီရိလင်္ကာအစိုးရက အကြွေးမဆပ်နိုင်တဲ့အဆုံးမှာ တရုတ်အစိုးရလက်ထဲ ၉၉ နှစ်ကြာ ငှားရမ်းစာချုပ်နဲ့ မနှစ်က ထိုးအပ်လိုက်ရတဲ့ သာဓက ရှိပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဝန်ကြီး ဦးသောင်းထွန်းကတော့ အဲဒီ ကိစ္စကို မိမိတို့ ကောင်းစွာသိရှိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ဒီလိုကြွေးတင်မယ့် ထောင်ချောက်ထဲကို ကျရောက်ဖို့ မရှိကြောင်းနဲ့ တရုတ်ပြည်က ဆောင်ရွက်နေတာဟာ သူ့အိမ်နီးချင်းတိုင်းပြည်တွေ သာယာဝပြောရေးဖြစ်ပြီး အခု စီမံကိန်းဟာ တရုတ်နဲ့ မြန်မာနိုင်ငံ ၂ ခုလုံး အကျိုးအမြတ်ရှိမယ့် ကိစ္စဖြစ်အောင် မိမိတို့က သေသေချာချာ ဆောင်ရွက် မှာဖြစ်ကြောင်း ပြောပါတယ်။

ကျောက်ဖြူ ရေနက်စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၉ ဘီလီယံကုန်ကျမယ်လို့ ကနဦး ခန့်မှန်းချက်ရှိပြီး တရုတ်အစိုးရပိုင် ကုမ္ပဏီက အစုရှယ်ယာ ၇ဝ % နဲ့ မြန်မာအစိုးရနဲ့ ပြည်တွင်းကုမ္ပဏီတွေက ၃ဝ% ပိုင်ဆိုင် မှာဖြစ်ပါတယ်။ ဝန်ကြီး ဦးသောင်းထွန်းက မိမိတို့နိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား အခြေခံ အဆောက်အအုံ အဆင့်အတန်းကွာခြားမှုကို ဖြေရှင်းရေး၊ အထူးသဖြင့် မိမိတို့ အစိုးရသစ်အပေါ် လူထုရဲ့မျှော်လင့်ချက်တွေကို ဖြည့်ဆီးရေးအတွက် အခုလို စီမံကိန်းအကြီးစားတွေ လိုအပ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဟောင်ကောင်မှာ ထုတ်ဝေတဲ့  The South China Morning Post သတင်းစာ ဝက်ဘ်ဆိုဒ်မှာ မနေ့က ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ဦးသောင်းထွန်းက မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့လည်း တရုတ်ပြည်နဲ့ ဆွေးနွေးအဖြေရှာမှာ ဖြစ်ပါတယ်၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ အခု လျှပ်စစ်ဓါတ်အား လုံလောက်နေပြီဖြစ်လို့ မြစ်ဆုံစီမံကိန်းကရမယ့် ဓါတ်အားကို တရုတ်ပြည်က လိုအပ်ခြင်းမရှိတော့ပါဘူး၊ တရုတ်အစိုးရအနေနဲ့ အဲဒီ စီမံကိန်းကို ဆက်လက်ဆောင်ရွက်ဖု့ိ ကျားကုပ်ကျားခဲ တောင်းဆိုနေတော့မယ် မထင်ပါဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။