ကျောက်ဖြူမှာ မြေမြှုပ်မိုင်းနင်းမိလို့ ဒေသခံတစ်ဦး သေဆုံး
2024.05.24
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်၊ ကုလဘာရွာမှာ မေလ ၂၃ ရက် မနေ့က မြေမြှုပ်မိုင်းနင်းမိလို့ ရွာသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် ဦးဦးထွန်းဝင်းဖြစ်ပါတယ်။ သူဟာ လယ်ထဲကပြန်လာစဉ် မြေမြှုပ်မိုင်းနင်းမိလို့ ဆေးကုသနေစဉ်မှာပဲ သေဆုံးသွားတာလို့ ဒေသခံရွာသားတစ်ဦးက ပြောပါတယ်။
“သူက မနက် ၈နာရီလောက်မှာ လယ်ထဲကနေ ကောက်ရိုးထမ်းပြီးပြန်လာတာ။ လမ်းမှာ စစ်ကောင်စီတပ်က ထောင်းထားတဲ့ မိုင်းနင်းမိတာပါ။ ညဘက်ခြေပြတ်သွားတယ်။ ဒဏ်ရာကပြင်းတော့ ကျောက်ဖြူဆေးရုံကို ပို့လိုက်တယ်။ ညနေပိုင်းမှာတော့ သူသေဆုံးသွားပြီလို့ သိရတယ်”
တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က မြေမြှုပ်မိုင်းတွေ အများအပြား ထောင်ထားပြီး ဒါဟာ ကျောက်ဖြူမြို့ကို ရက္ခိုင့်တပ်တော် (AA) က ဝင်တိုက်မှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ မောင်တောနဲ့ မင်းပြားမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလနဲ့ မတ်လအတွင်းက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်ဗုံးကြောင့် သေဆုံးတဲ့ အရပ်သား ၁၀ ဦးကျော်နဲ့ ဒဏ်ရာရသူ သုံးဆယ်နီးပါးအထိ ရှိခဲ့ပါတယ်။