ကျောက်ဖြူစီးပွားရေးဇုန် အခွင့်အလမ်းနဲ့စိန်ခေါ်မှု အစီရင်ခံစာထုတ်ပြန်


2017.11.20
kyaukphyu-jetty-622.jpg ကျောက်ဖြူ မဒေးကျွန်းမှာ ဆိုက်ကပ်ထားတဲ့ ဆီတင်သင်္ဘော UNITED DYNAMIC သဘောၤကို ၂၀၁၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Thaung Tin

ရခိုင်ပြည်နယ်မှာ အကောင်အထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ ပတ်သက်ပြီး 'ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ' လို့အမည်ပေးထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းက ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ဒေသခံတွေရဲ့အခွင့်အရေးကို အလေးထားတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု ဖြစ်လာဖို့ရည်ရွယ်ချက်နဲ့ ဒီအစီရင်ခံစာကို ထုတ်ပြန်တာလို့ ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်းရဲ့ ညှိနှိုင်းရေးမှူး ဦးထွန်းကြည်ကပြောပါတယ်။

"ဒီအထူးစီးပွားရေးဇုန် တည်ဆောက်လာပြီဆိုရင် မြစ်ကြောင်းတလျှောက်လုပ်နေတဲ့ ရေလုပ်သားတွေရဲ့ အခွင့်အရေးတွေကို အဓိကထောက်ပြပြီးတော့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတို့၊ ဒေသခံတွေရဲ့ မြေယာ ပိုင်ဆိုင်မှု ဓလေ့စရိုက်တို့ကို အသိအမှတ်မပြုတာမျိုးတို့ အဓိက ကျနော်တို့ရေးပြီးတော့ ဒီမှာရှိနေတဲ့ လူတွေရဲ့ အခွင့်အရေးကိုအခြေခံတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကြီးဖြစ်လာဖို့ပေါ့"

အစီရင်ခံစာကို ကျောက်ဖြူဟိုတယ်မှာ အခမ်းအနားပြုလုပ်ပြီး ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟာ ဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးထက် တရုတ်နိုင်ငံအတွက် စစ်ရေးအရရော အရပ်ဘက်ဆိုင်ရာမှာပါ အဓိကအသုံးချနိုင်မယ့် စီမံကိန်းဖြစ်နေတာကိုတွေ့ရတယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ရေးသားထားပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း မစတင်မီက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ စီမံကိန်း အကောင်အထည်ဖော်တဲ့ ကုမ္ပဏီတွေက အလားတူဒေသဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ်လို့ပြောဆိုခဲ့ကြပေမယ့် လက်တွေ့မှာ အပြောအတိုင်းဖြစ်မလာသလို မြေယာဆုံးရှုံးမှုနဲ့ အခွင့်အရေးချိုးဖောက်မှုတွေသာ ကြုံတွေ့ခဲ့ ကြရတာကြောင့် ဒေသခံတွေအကြားမှာ ယုံကြည်မှုနည်းပါးနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။

စီမံကိန်းကြောင့် ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကိုကာကွယ်ဖို့ မြန်မာနိုင်ငံမှာ ဥပဒေတွေအလုံအလောက် ရှိမနေသေးကြောင်း ပညာရှင်တွေကထောက်ပြထားကြတဲ့အတွက် ဒေသခံပြည်သူလူထုကို အကျိုးပြုမယ့် ရင်းနှီးမြှုပ်နှံမှု မူဝါဒနဲ့ဥပဒေတွေကို ပြဌာန်းပြီးမှသာ အကောင်အထည်ဖော်သင့်ကြောင်းလည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

ဒေသခံတွေ မိရိုးဖလာယဉ်ကျေးမှုအရ လုပ်ကိုင်စားသောက်လာတဲ့ တောတောင်နဲ့ စားကျက်မြေတွေကို ပိုင်ဆိုင်ခွင့်ပေးဖို့နဲ့ စီမံကိန်းကနေ ရရှိတဲ့ဘဏ္ဍာငွေတွေကို ပြည်သူကိုပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်ပြီး တိုက်ရိုက်ထိခိုက်နစ်နာတဲ့ ဒေသအတွက် သီးသန့်မူဝါဒတစ်ခုထားရှိဖို့ စတဲ့ အချက် ၁၀ ချက်ကိုလည်း အစီရင်ခံစာမှာ အကြံပြုတိုက်တွန်းထားပါတယ်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းမှာ ရေနက်ဆိပ်ကမ်းနှစ်ခုနဲ့ စက်မှုဇုန်စီမံကိန်းတွေပါဝင်ပြီး ၂၀၁၈ ခုနှစ်အစောပိုင်းမှာ စတင်အကောင်အထည်ဖော်ဖို့ မျှော်မှန်းထားတယ်လို့လည်းသိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။