ကျောက်ထုမှာ ကလေးနှစ်ဦးအပါအဝင် ၁၂ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရ

RFA Burmese
2023.03.22
ကျောက်ထုမှာ ကလေးနှစ်ဦးအပါအဝင် ၁၂ ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရ မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုမြို့အား တွေ့ရစဉ်။
People's Spring

မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုမြို့အနီးက မြို့ပေါက်ရွာကို မတ်လ ၂၀ ရက်နေ့ နေ့လယ် ၃ နာရီမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးနှစ်ဦးအပါအဝင် ရွာခံ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအထဲမှာ အသက်လေးနှစ်အရွယ် မသက်နှင်းဆင့်က ခြေထောက်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီး အသက် ၁၀ နှစ်အရွယ် မောင်ရဲသူရဇော်က လည်ပင်းကိုထိမှန်ခဲ့လို အသက် ၇၀ ဝန်းကျင်အပါအဝင် ဒေသခံအမျိုးသမီး ငါးဦးနဲ့ အမျိုးသားငါးဦးလည်း ဒဏ်ရာတွေရခဲ့တာလို့ ဆိုပါတယ်။

မတ်လ ၂၀ ရက်နေ့မှာ ကျောက်ထုအမြောက်တပ်က စစ်ကောင်စီတပ်သားသုံးဦး ရင့်ရဲရွာထဲ ဝင်လာချိန် ရပ်ရွာ ကာကွယ်ရေး လူငယ်တွေက ဖမ်းဆီးလိုက်ပြီး တစ်ဦး ပြန်လွတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြန်လွတ်သွားတဲ့ စစ်ကောင်စီတပ်သားတစ်ဦး အမြောက်တပ်ထဲ ပြန်ရောက်ပြီးနောက်ပိုင်း လက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

" တပ်ထဲကနေပြီးတော့မှ လက်နက်ကြီးတွေနဲ့ အရမ်းကာရော ထုတဲ့အခါမှာ အဲဒီ လေယာဉ်ကွင်းဘေးနားက မြို့ပေါက်ဆိုတဲ့ရွာမှာ နေအိမ်ငါးလုံး မီးလောင်သွားတာပေါ့။ လူဦးရေ ၁၂ ယောက်ထိခိုက် ဒဏ်ရာရတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အထဲမှာ ဆယ်နှစ်အရွယ်ကလေး လည်ပင်းမှာ မိုင်းစမှန်ပြီး အခြေအနေ တော်တော် စိုးရိမ်ရတယ်"

ဒဏ်ရာသူ ၁၂ ဦးထဲမှာ ၁၁ ဦးက မစိုးရိမ်ရပေမယ့် လည်ပင်းမှာထိမှန်တဲ့ ကလေးကတော့ အသက်အန္တရာယ် စိုးရိမ်ရလို့ လက်ရှိ မကွေးဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဒေသခံကပြောပါတယ်။

မတ်လ ၂၁ ရက်နေ့အထိ မြို့ပေါက်၊ ချောင်းကူး၊ ယော၊ ရင့်ရဲ၊ ကံကြီးအပါအဝင် ဘေးပတ်ဝန်းကျင်ရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒဿမ ၇ သန်း ကျော်လာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က မတ်လ ၂၀ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။