ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲကြောင့် ရွာ ၄၀ ကျော် စစ်ဘေးရှောင်ရ
2023.07.29

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ကစလို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရွာပေါင်း ၄၁ ရွာက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇူလိုင်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တိမ်းရှောင်နေရသူတွေထဲ နတ်စင်ကုန်း၊ ငါးဖယ်အင်း၊ ကန်ကလေး၊ ဝါချဲ၊ ဇရပ်ကုန်း၊ ခင်ကန့်လန့်၊ ကျောင်းကုန်း၊ ပိန်းဇလုပ်ရွာမ၊ လက်ခံရွာ နဲ့ ကညင်ကျိုးရွာ စတဲ့ ၁၀ ရွာက ဒေသခံ ရှစ်ထောင်နီးပါး (၇၉၉၂ ဦး) ပါဝင်ပါတယ်။ ကျန်ရွာပေါင်း ၃၁ ရွာက ဒေသခံတွေစာရင်းကို ကောက်ယူနေဆဲဖြစ်တယ်လို့ KNU က ပြောပါတယ်။
ဇူလိုင်လ ၂၆ ရက်မှာ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ-၂၆၄ က ရေတွင်းကုန်းရွာကို လက်နက်ကြီးရှစ်လုံး ပစ်ခတ်ခဲ့တဲ့အတွက် အသက် ၃၈ နှစ်အရွယ် ကိုဇော်ဝင်းနိုင် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရှိပြီး အဲ့ဒီထဲက ဗိုလ်ကြီးတစ်ဦး အပါအဝင် စစ်ကောင်စီတပ်သား ခုနစ်ဦးရဲ့ ရုပ်အလောင်းတွေကို ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဒီတိုက်ပွဲအတွင်း KNU ဘက်က ထိခိုက်သေဆုံးမှုတွေကို ဖော်ပြမထားပါဘူး။
နှစ်ဖက်ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦး ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
KNU ထိန်းချုပ်နယ်မြေတွေထဲမှာတော့ တိုက်ပွဲ၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းနီးပါး (၅၉၉,၄၀၀ ဦး) ရှိနေတယ်လို့ ဇူလိုင် ၁၆ ရက်နေ့က KNU က ထုတ်ပြန်ထားပါတယ်။