ကျောက်တော်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာပြင်းထန်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝက်မှိုင်းကျေးရွာမှာ ဇူလိုင်လ ၁ ရက် ဒီနေ့ နေ့လယ် က မြေမြှုပ်မိုင်း နင်းမိလို့ အရပ်သားတစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ဦးသန်းစိန်မောင်ဟာ ကျေးရွာရဲ့အရှေ့ဘက် မိနစ် ၂၀ လောက် ခြေကျင်သွားရတဲ့ နေရာမှာ နွားရှာနေစဉ် မိုင်းနင်းမိခဲ့တာလို့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဦးမောင်အေးဖြူက ပြောပါတယ်။
“သူက နွားရှာနေတုန်း မိုင်းနင်းမိသွားတာပါ။ ညာဘက်ခြေထောက် ပြတ်သွားတယ်။ ဘယ်ဘက်လက်လည်း ကျိုးသွားတယ်။ တခြားနေရာတွေမှာလည်း ဒဏ်ရာရတယ်။ ဒဏ်ရာက တော်တော်လေးကို စိုးရိမ်ရတယ်”
အခုလက်ရှိမှာ လူနာကို ကျောက်တော်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး လူနာအခြေအနေ စိုးရိမ်ရတာကြောင့် စစ်တွေဆေးရုံကြီးကို ဆက်လက်ပို့ဆောင်ဖို့ ပြင်ဆင်နေတယ်လို့လည်း ဆိုပါတယ်။
မိုင်းနင်းမိတဲ့နေရာမှာ အရင်က တိုက်ပွဲတွေဖြစ်ပွားခဲ့တာလည်း မရှိတာကြောင့် ဒီမိုင်းဟာ ဘယ်အဖွဲ့က ထောင်တဲ့မိုင်းလဲဆိုတာကိုတော့ တိတိကျကျ မသိရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ မိုင်းပေါက်ကွဲတဲ့ နေရာဟာ ကျောက်တော်မြို့နယ် ခမရ (၃၇၅) တပ်ရင်းရဲ့ အနီးမှာဖြစ်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေပေမယ့် အရင်က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပုဏ္ဏားကျွန်း စတဲ့ မြို့နယ်တွေမှာ ဒေသခံတွေဟာ မိုင်းကြောင့် မကြာခဏ ထိခိုက်မှုတွေ ရှိနေတာပါ။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း မြေပုံမြို့နယ်က မျှစ်သွားခူးတဲ့ စစ်ဘေးဒုက္ခသည်နှစ်ဦး မိုင်းနင်းမိရာကနေ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရခဲ့သလို ရသေ့တောင်မြို့နယ်မှာလည်း လယ်လုပ်နေတဲ့ ဇနီးမောင်နှံနှစ်ဦး မိုင်းပေါက်ကွဲလို့ ဒဏ်ရာရသွားခဲ့ပါတယ်။
အလားတူ ပြီးခဲ့တဲ့ မေလအတွင်းကလည်း မိုင်းပေါက်ကွဲလို့ ကျောက်တော်၊ မင်းပြား၊ အမ်းစတဲ့မြို့နယ်တွေမှာ ဒေသခံ သုံးဦး သေဆုံးခဲ့ရပါတယ်။
အခုလို မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်တွေကြောင့် သေဆုံးတာတွေ၊ ထိခိုက်ဒဏ်ရာ ရတာတွေ တိုးလာနေတာကြောင့် အဲဒီ စစ်ကျန်ပစ္စည်းတွေကို အမြန်ဆုံး ဖယ်ရှားပေးဖို့ကို ဒေသခံတွေက လိုလားနေကြပါတယ်။
ရက္ခိုင့်တပ်တော် (AA) ကလည်း တိုက်ပွဲတွေ ရပ်စဲနေပေမယ့် စစ်ကောင်စီ တပ်စခန်း ချထားတဲ့ အနီး အနားတွေမှာ မြေမြှုပ်မိုင်း ပေါက်ကွဲတာတွေရှိတဲ့အတွက် ဒေသခံတွေ အနေနဲ့ အဲဒီနေရာတွေကို မသွားကြဖို့ကို AA ပြောခွင့်ရ ခိုင်သုခက ဇွန်လ ၁၄ ရက် မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းသတိပေးထားပါတယ်။
ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးရဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာက စလို့ ဒီကနေ့အထိ မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေကြောင့် သေဆုံးတဲ့အရပ်သား ၅၇ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၂၈ ဦး ရှိနေပါတယ်။