သန်းခေါင်စာရင်းမှာ ကူကီးများကို သီးခြားကောက်ခံစေလို
2014.01.06
လာမယ့် မတ်လအတွင်း တစ်နိုင်ငံလုံး သန်းခါင်စာရင်း ကောက်ခံတဲ့အခါ ချင်းတိုင်းရင်းသားတွေထဲက ကူကီးတိုင်းရင်းသားကို လူမျိုးစုတစ်စုအဖြစ် သီးခြားကောက်ခံပေးဖို့အတွက် ဒီနေ့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားလိုက်ပါတယ်။
သန်ခေါင်စာရင်း ကောက်ယူတဲ့အခါ ကူကီးလူမျိုးနာမည်နဲ့ ကောက်ခံပေးဖို့အတွက် နိုင်ငံတော်သမ္မတနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနအထိ တင်ပြသွားမယ်လို့ ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ဥက္ကဌ ဒေါ်ငိုင်ငိုင်းက ပြောပါတယ်။
“အခု ၂ဝ၁၄ ခုနှစ် မတ်လမှာ ကောက်ခံမယ့် သန်းခေါင်စာရင်းမှာ ဒီတိုင်းရင်းသားတွေနဲ့ နာမည်ပါဖို့အတွက်ဖြစ်တယ်၊ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ကျမတို့ရဲ့ လူမျိုးနာမည်မပါဘဲနဲ့ သူ့ရဲ့မျိုးနွယ်စုငယ်တွေရဲ့ နာမည်တွေပဲ ပါနေတဲ့ဥစ္စာကို လူမျိုးရဲ့နာမည်ကတော့ ကူကီးဖြစ်ပါတယ်ဆိုတာကို အစိုးရကို သိစေချင်တယ်၊ တိုင်းရင်းသားတွေ အားလုံးကိုလည်း သိစေချင်တယ်၊ ကျမတို့က သမ္မတ ဦးသိန်းစိန်ဆီကို တင်ပြသွားမယ်၊ လူဝန်မှုကြီးကြပ်ရေးဌာနကိုလည်း တင်ပြသွားဖို့ရှိပါတယ်”
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉၊ ၃၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်မှာ ကူကီးတိုင်းရင်းသား ညီလာခံကျင်းပခဲ့ရာမှာ မျိုးနွယ်စုငယ် ၁၇ မျိုးရဲ့ ကိုယ်စားလှယ်တွေက မျိုးနွယ်စုငယ်တွေရဲ့ နာမည်တွေနဲ့ မသတ်မှတ်တော့ဘဲ အားလုံးကို ကူကီးလူမျိုးအဖြစ်သတ်မှတ်ဖို့ သဘောတူခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် လာမယ့်မတ်လမှာ သန်းခေါင်စာရင်း ကောက်ခံတဲ့အခါ ကူကီးလူမျိုးဆိုပြီး ကောက်ခံပေးဖို့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။
ခေါင်ဆိုင်၊ ဂွီးသဲ၊ ဂန်သဲ၊ နင့်ထာဒို၊ လွန်ကင်းမ်၊ လျွန်းဒီမ်၊ မသဲ၊ ဗိုင်းသဲအပြင် မျိုးနွယ်စု ၁၇ စု ရှိပြီး သူတို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကလေး၊ တမူး၊ ဟုမ္မလင်း၊ လေရှီးနဲ့ ခန္ဓီးစတဲ့ မြို့နယ်တွေမှာ အဓိကနေထိုင်ကြတာဖြစ်ပြီး ချင်းပြည်နယ်အောက်ပိုင်းမှာတော့ အနည်းငယ်သာနေထိုင်ကြတယ်လို့ သိရပါတယ်။