မြန်မာနိုင်ငံကို ဒေါ်လာငွေလွှဲပြောင်းမှု တောင်ကိုရီးယား ဘဏ်ရပ်ဆိုင်း

အကြမ်းဖက်မှုတွေကို ငွေကြေး ပံ့ပိုးပေးနေတယ်လို့ သံသယဖြစ်စရာ နိုင်ငံတွေအပေါ် အရေးယူရေး နိုင်ငံတကာ စီမံချက်တရပ်အရ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ဒေါ်လာငွေ လွှဲပြောင်းတဲ့ လုပ်ငန်းယာယီ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်ကြောင်း တောင်ကိုရီးယား ဘဏ်တခုက ဩဂုတ်လ ၁၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ် ။

2010.08.13
dollar_bank_korea_305_Z ကိုရီးယား ငွေလဲလှယ်ရေးဘဏ်တွင် အမေရိကန် ဒေါ်လာ ရာတန်အုပ်များကို ဘဏ်အမှုထမ်းတဦး ရေတွက်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ကိုးရီးယားနိုင်ငံရဲ့ အကြီးဆုံး နိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်ဖြစ်တဲ့ Korea Exchange Bank က အခုလို ထုတ်ပြန်လိုက်တာပါ ။ ဒီဆုံးဖြတ်ချက်ကို လာမဲ့ အောက်တိုဘာလမှာ စတင် အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သိရပါတယ် ။ Korea Exchange Bank ဟာ အမေရိကန် ဘဏ်ကော်ပိုရေးရှင်းတခုက ထိန်းချုပ်ထားတဲ့ ဘဏ် ဖြစ်ပါတယ် ။

မြန်မာနိုင်ငံကို ဒေါ်လာလွှဲတာအပြင် မြန်မာနိုင်ငံကနေ တောင်ကိုရီးယားကို ဒေါ်လာငွေ လွှဲပြောင်းတဲ့ ကိစ္စကိုလည်း ရပ်ဆိုင်းထားမှာ ဖြစ်တယ်လို့ သိရပါတယ် ။

အခု ရပ်ဆိုင်းမဲ့ အထဲမှာ ဥရောပက ယူရိုစတဲ့ တခြားနိုင်ငံခြားငွေတွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် နိုင်ငံတကာက မြန်မာ စစ်အစိုးရအပေါ် ဖိအားပေးနေရာမှာ အမေရိကန် ပြည်ထောင်စုကလည်း မြန်မာနိုင်ငံက တင်ပို့တဲ့ သွင်းကုန်တွေကို ပိတ်ပင်တဲ့ ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့အတွက် ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ် ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။