ကွမ်းခြံကုန်း လျှပ်စစ်ဓါတ်အား စက်ရုံ ဒေသခံရွာသားများ ကန့်ကွက်


2014.09.29
coal-fire-power-plant-305 နိုင်ငံခြားက ကျောက်မီးသွေးသုံး စက်ရုံတစ်ရုံပုံ
Photo: btgworld.com

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် သောင် ခုံကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး  လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ကန့်ကွက်ကြောင်း ကျေးရွာသားတွေက ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ကြရာမှာ သောင် ခုံကျေးရွာသား ကိုဇော်မင်းထိုက်က ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းကြောင့် ရေ လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်တဲ့ အတွက် အဲဒီစီမံကိန်းကို ကန့်ကွက်တာဖြစ်တယ် လို့ ပြောပါတယ်။

"ကျောက်မီးသွေးကြောင့် ဖြစ်ပေါ်လာမယ့် ပြဿနာတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်လာမှာတွေ၊ လယ်ယာ စိုက်ပျိုးရေး ရင်းနှီးစားသောက်ရာကအစ ရေလုပ်ငန်းရယ်၊ လယ်လုပ်ငန်းရယ် အဲ့လိုမျိုးလုပ်စားကြတာဆိုတော့ သူတို့လုပ်မှာက ပင်လယ်ကမ်းစပ်မှာ ဖြစ်တဲ့အတွက် လယ်ယာမြေတွေ လုပ်စားရတော့မှာ မဟုတ်တော့ဘူး၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့လည်း ကျောက်မီးသွေးကလွှတ်မယ့် ဓါတ်တွေကလည်း တအားကိုကျန်းမာရေး အတွက် အန္တရာယ်ပြုတယ်၊ အဲ့တော့ ကျနော်တို့က ကျန်းမာရေးနဲ့ လဲပြီးယူရမယ့် လျှပ်စစ်မီးတွေကို ကျနော်တို့ လက်မခံနိုင်ဘူး၊ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်မယ် ကျနော်တို့ရဲ့ လူထုပတ်ဝန်းကျင်တွေကို ထိခိုက်လာမယ်၊ ဒါကြောင့် ကျနော်တို့ ဒါကို ကန့်ကွက်နေတာဖြစ်တယ်"

အဲ့ဒီကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ စက်ရုံတာဝန်ရှိသူတွေ နှစ်ကြိမ်တေ့ွ ဆုံပြီး ကျေးရွာသားတွေက ကန့်ကွက်ခဲ့ပေမယ့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းတွေကို သက်ဆိုင်ရာက  ဆက် လက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ပြောင်းလဲလုပ်ကိုင်ဖို့အတွက်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က Asia World ကုမ္ပဏီလက်ခွဲတွေဖြစ်တဲ့ Green Asia ကုမ္ပဏီက မြေဧက ၄၀၀ ကျော်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။  အဲဒီနောက် ၂၀၁၂ ခုနှစ်မှာ ‘ကောင်းမြတ်သောမြေ’ ကုမ္ပဏီနဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့က နှစ်ငါးဆယ်စီမံကိန်း အဖြစ် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ခုနှစ်မှာ စက်ရုံကို စတင်တည်ဆောက်မှာဖြစ်ပြီး မီဂါဝပ် ၃၀၀၀ ကျော် ထွက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။