ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် အဖမ်းခံရပြီး သတင်းပျောက်နေ

2022.06.22
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင် အဖမ်းခံရပြီး သတင်းပျောက်နေ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းစ်။
Photo: RFA

ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ တစ်ယောက်ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းစ်ကို စစ်ကောင်စီ ထောက်လှမ်းရေးတွေက ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်က စားသောက်ဆိုင်တစ်ဆိုင်မှာ ဇွန်လ ၁၈ ရက်နေ့ ညနေက ဖမ်းဆီးသွားပါတယ်။

အခုချိန်ထိ သူ့ကို ဘယ်မှာချုပ်နှောင် စစ်ဆေးနေတယ်ဆိုတာ မသိရတဲ့အတွက် မိသားစုက စိုးရိမ်နေတယ်လို့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

ကိုလင်းထက်နိုင်ကို မနှစ်က အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတာပါ။ သူဟာ ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို၊ ၂၀၁၅ ဒီမိုကရေစီ ပညာရေးသပိတ်မှာလည်း ဦးဆောင်ပါဝင်ခဲ့လို့ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း ထောင်အကြိမ်ကြိမ်ချခံရသူဖြစ်ပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် NLD အစိုးရလက်ထက်မှာတော့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်အတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး သင်တန်းပေးတဲ့ The Wing Institute ဆိုတဲ့ NGO အဖွဲ့ကို ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ကိုလင်းထက်နိုင်ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်လို့ အခုချိန်ထိ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်က ရန်ကုန်မြို့မှာ လူငယ်အယောက် ၄၀ လောက်ကို ဖမ်းသွားတယ်လို့ General Strike Committee က အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။