သေဒဏ်ကျမြန်မာလူငယ်နှစ်ဦး လွတ်မြောက်ရေး မဘသအဖွဲ့ ဆက်လက်ဆန္ဒပြ
2016.01.02

ထိုင်းနိုင်ငံမှာ သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုနေ ကြခြင်းဖြစ်ပြီး တချို့သူတွေစွပ်စွဲသလို နိုင်ငံကို ဆူပူအုံကြွအောင် လှုံ့ဆော်နေတာ မဟုတ်ကြောင်း မဘသ အဖွဲ့က ဆရာတော် ဦးပါမောက္ခက ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ မိန့်ကြားပါတယ်။
သေဒဏ်ချမှတ်ခံရတဲ့ မြန်မာနှစ်ဦးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆို သွားမှာဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ပါတယ်။
"ဘုန်းကြီးတို့ ဒီပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်က ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှမရှိဘူး၊ နိုင်ငံရေး အပြောင်းအလဲဖြစ်မှာကြောက်လို့၊ စစ်အုပ်ချုပ်ဖြစ်သွားအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်းပဲ ဘုန်းကြီးတို့ လုံးဝမပါဘူး၊ ဒီနေရာကနေပြီးတော့ သစ္စာကိုဆိုရဲပါတယ်၊ တချို့က ဘုန်းကြီးတို့က နောက်အစိုးရ တက်မှာကြောက်လို့ ဒီလိုပွဲတွေ ကျင်းပတယ်၊ စစ်အာဏာသိမ်းအောင်လို့ ကျင်းပတယ်၊ ဒါမျိုးရည်ရွယ်ချက် မရှိပါဘူး၊ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာ အမြဲတမ်းကောင်းစေချင်ပါတယ်၊ လူမျိုးအပေါ်မှာလည်း ချစ်မြတ်နိုးတယ်၊ တန်ဖိုးထားတယ်"
ဒီဆန္ဒပြပွဲကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသ အဖွဲ့ဝင်တချို့နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးညီနောင်အင်အားစုတွေက ပူးပေါင်းပြုလုပ်တာဖြစ်ပြီး လူအင်အား ၇ဝ ကျော် တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးရဲ့ သေဒဏ်အမူကို တစ်လအတွင်း အယူခံဝင်ဖို့ရှိနေပြီး အဲ့ဒီအခြေအနေတွေ အပေါ်မူတည်ကာ ဆက်လက်တောင်းဆို ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသံဃာတော်တွေက မိန့်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအစိုးရကို အိပ်ဖွင့်ပေးစာပေးဖို့ ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့ကို ကားတွေနဲ့ သွားရောက်ခဲ့ကြပြီး မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။