၁၉၈၂ ဥပဒေကို ပြင်ဆင်ဖို့ အကြံပြုချက် စစ်တွေမြို့မှာ ကန့်ကွက်
2017.09.24

မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ အကြံပြုချက်ကို ကန့်ကွက်ကြောင်း စစ်တွေမြို့မှာ လူ ၂၀၀ ကျော်လောက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ဒေသမှာ အကြမ်းဖက်သမားတွေရဲ့အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် လက်ရှိ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေကသာ အဓိကကျတာကြောင့် ဒီဥပဒေကို ပြင်ဆင်ဖို့ မလိုလားဘူးလို့ ဆန္ဒပြပွဲဦးဆောင်တဲ့ ဒေါ်ကျော့စိန် က ပြောပါတယ်။
"အခုဆိုလို့ရှိရင် ကျမတို့ ရခိုင်ဒေသမှာပေါ့နော်၊ ဘင်္ဂလီတွေရဲ့ရန်က အရမ်းကိုကြောက်စရာကောင်းနေ ပါတယ်၊ အဲဒီဘင်္ဂလီတွေရဲ့ရန်ကို ကာကွယ်ဖို့ကလည်း ကျမတို့မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေက အခိုင်အမာ ဒါကကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ဖြစ်နေပါတယ်၊ အဲဒါကြောင့်မို့လို့ ကျမတို့က ဒါကိုလုံးဝကို လက်မခံနိုင်တဲ့အချက်ကို ဆန္ဒဖော်ထုတ်တာပါ"
ဆန္ဒပြသူတွေဟာ အကြမ်းဖက်လူမျိုးကို အလိုမရှိ၊ မြန်မာနိုင်ငံဥပဒေကိုလေးစားဖို့နဲ့ အစိုးရက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါအတိုင်း အမြန်ဆုံး စီစစ်ဆောင်ရွက်ပေးရေး စတဲ့အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြ ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ ဌာနေတိုင်းရင်းသားတွေ နေရပ်အသီးသီးကို ပြန်ကြတဲ့အချိန်မှာ သူတို့ရဲ့လုံခြုံရေးကို အစိုးရက ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့လည်း ဆန္ဒပြပွဲ ဦးဆောင် သူတွေက ပြောပါတယ်။
ဆန္ဒပြပွဲကို စစ်တွေမြို့အခြေစိုက် အလင်းတံခါးတက်ကြွလှုပ်ရှားသူများအဖွဲ့က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်တွေမြို့နယ် ကျေးရွာအချို့က ဒေသခံတွေလည်း ပါဝင်ခဲ့ကြပါတယ်။