နိုင်ငံသားဥပဒေပြင်ဆင်ရေး မဖြစ်နိုင်သေးကြောင်း ဒေါက်တာဝင်းမြတ်အေးပြော
2018.06.27

ရိုဟင်ဂျာမွတ်ဆလင်တွေကို နိုင်ငံမဲ့ဖြစ်စေတဲ့ “၁၉၈၂ ခုနှစ် နိုင်ငံသားဆိုင်ရာ ဥပဒေ” ကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး အဆိုပြုချက်ကို အကောင်အထည်ဖော်လို့ မရနိုင်သေးကြောင်း လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒိန်းမတ်နိုင်ငံမှာ အခုလဆန်းပိုင်းက ပြုလုပ်တဲ့ လျှို့ဝှက်ဆွေးနွေးပွဲတခုမှာ အနောက်တိုင်းသံတမန်တွေကို ပြောကြားခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ လူပုဂ္ဂိုလ် ၅ ဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီနေ့ ရေးသားလိုက်ပါတယ်။
ကိုပင်ဟေဂင်မြို့တော်မှာ ဇွန်လ ၈ ရက်နေ့က ပြုလုပ်တဲ့ ဒီသီးသန့်ဆွေးနွေးပွဲမှာ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သံတမန်တွေ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ သီးသန့်တွေ့ဆုံရာမှာ... ကော်မရှင်က အကြံပြုထားတဲ့ အချက် ၈ ချက်ထဲမှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့အချက် ပါဝင်ကြောင်း၊ ဒီအချက်ဟာ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြဿနာအများကြီး ရှိတဲ့ကိစ္စရပ် ဖြစ်ကြောင်း၊ ချက်ခြင်း အကောင်အထည်ဖော်လို့ မရနိုင်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံသားဥပဒေ ပြင်ဆင်ရေးဟာ လက်ရှိအခြေအနေမှာ အလုပ်မဖြစ်တဲ့ကိစ္စ ဖြစ်တယ်လို့ပြောခဲ့ကြောင်း အမည်မဖော်လိုတဲ့ ဆွေးနွေးပွဲတက်သူတွေက အတည်ပြုပြောပါတယ်။ ဒီလျှို့ဝှက်ဆွေးနွေးပွဲကို အများပြည်သူကို ထုတ်ဖော်မပြောဖို့ မြန်မာအစိုးရက ပန်ကြားထားတယ်လို့လည်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ မြန်မာပြည်ပြန်လာရေးမှာ နိုင်ငံသားဖြစ်ခွင့် ရရေးဟာလည်း အချက်အလက်တခုအဖြစ် ပါဝင်နေပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒေါက်တာဝင်းမြတ်အေးနဲ့ အစိုးရပြောခွင့်ရသူ ဦးဇော်ဌေးတို့ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ရေးသားထားပါတယ်။