အကြမ်းဖက်သမား မပါအောင် စိစစ်လက်ခံဖို့ စစ်တွေမှာ ဆန္ဒပြ
2017.10.22

ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးမှာ အကြမ်းဖက်သမားတွေ မပါဝင်အောင် စိစစ်ဖို့နဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စီစစ်ပေးဖို့ကို စစ်တွေမြို့မှာ လူပေါင်း ၅၀၀ လောက် ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။
တိုင်းရင်းသားတွေကို ဦးစားပေးနေရာချထားပေးပြီး တစ်ဘက်နိုင်ငံကိုရောက်နေတဲ့ မွတ်စလင်တွေထဲ က နိုင်ငံသားဥပဒေနဲ့ ညီတဲ့သူတွေကိုသာ ပြန်လည်လက်ခံပေးစေလိုတယ်လို့ ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်တဲ့ ဒေါ်ကျော့စိန်က ပြောပါတယ်။
"အခုအချိန်မှာ ကျမတို့ ရခိုင်တိုင်းရင်းသားတွေသာမက ဟိန္ဒူဘာသာဝင်တွေလည်း မိမိနေရပ်ကို မပြန်နိုင်ဘဲနဲ့ ရခိုင်အရေးကို အလေးမထားဘဲနဲ့ ခိုးဝင်ဘင်္ဂလီတွေရဲ့အရေးကို ဦးစားပေးမယ်ဆိုလို့ရှိရင် အစိုးရဟာ ကျမတို့ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာရော ဟိန္ဒူဘာသာဝင်တွေအပေါ်မှာပါ အနိုင်ကျင့် သလို၊ စော်ကားသလိုဖြစ်နေပါလိမ့်မယ်၊ အဲဒါကြောင့်မို့လို့ မိမိတို့ရဲ့ မြန်မာနိုင်ငံသားစစ်စစ်ဖြစ်တဲ့ ကျမတို့ ရခိုင်တိုင်းရင်းသားတွေ၊ နောက်ပြီးတော့ ဟိန္ဒူဘာသာဝင်တွေကိုပါ တိတိကျကျနေရာချပေးပြီးမှ ခိုးဝင်ဘင်္ဂလီတွေရဲ့အရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ တိတိကျကျစိစစ်ပြီးမှ သွင်းစေချင် ပါတယ်"
ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသူတွေကို အလိုမရှိကြောင်း၊ နိုင်ငံသားဥပဒေကိုပြင်ဆင်ဖို့ အကြံပြု ထားတဲ့ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာကို အလိုမရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ ကြသူတွေနဲ့ အတူမနေထိုင်နိုင်ကြောင်း၊ ARSA အကြမ်းဖက်အဖွဲ့အစား "ဘင်္ဂါလီ"အကြမ်းဖက်အဖွဲ့လို့ အစိုးရက သုံးနှုန်းပေးဖို့ စတဲ့အချက်တွေနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို စစ်တွေမြို့မှာရှိတဲ့ သံဃာတော်တွေနဲ့ မြို့ခံတွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူဆန္ဒပြပွဲကို မောင်တော၊ မြောက်ဦး၊ ပေါက်တော၊ ပုဏ္ဏားကျွန်း စတဲ့မြို့တွေမှာလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြောဆိုချက်အရ ရခိုင်ပြည်နယ်အတွင်းကနေ တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကို ရောက်ရှိနေတဲ့ မွတ်စလင် ငါးသိန်းလောက်ရှိပြီး သူတို့တွေကို ပြန်လည်ခေါ်ယူဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ နှစ်နိုင်ငံအစိုးရတို့အကြား ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။