ဖာပွန်က ဌာနဆိုင်ရာဝန်ထမ်းတွေ ၁၀ ရက်အတွင်းထွက်ခွာဖို့ KNU ထုတ်ပြန်
ကရင်ပြည်နယ် (မူတြော်ခရိုင်) ဖာပွန်မြို့နယ်ထဲက စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၁၀ ရက်အတွင်း ထွက်ခွာကြဖို့ ကရင်အမျိုးသား အစည်းအရုံး (KNU\KNLA) တပ်မဟာ (၅) က ကြေညာလိုက်ပါတယ်။
ဇန်နဝါရီ ၂၉ ရက် မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တာဖြစ်ပြီး တပ်မဟာ (၅) နယ်မြေထဲမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်ဖို့ လုပ်တာလို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး KNU နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးကတော့ "ကျွန်တော်တို့က တစ်ခုပဲ ပြောချင်တယ် ၂၀၂၁ မှာ ကျွန်တော်တို့က အခြေခံကောင်းတွေ ရခဲ့မယ်ဆိုတာ စစ်အာဏာ ရှင်ဆန့်ကျင်ရေးအဖွဲ့တွေက ကြိုးစားပြီး လုပ်ခဲ့ကြတာပဲလေ။ ၂၀၂၂ ခုနှစ်က အားပိုကောင်းလာမှာပဲ" လို့ ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ဖာပွန်မြို့ကနေ ၁၀ ရက်အတွင်းမှာ ရေလမ်းကြောင်းကနေ ကိုယ်နေထိုင်ရာ နေရာတွေကို ထွက်ခွာနိုင်တယ်လို့ KNU ဘက်က ဆိုထားပါတယ်။
ဒါ့အပြင် မြို့ခံဝန်ထမ်းတွေကိုလည်း စစ်ကောင်စီ လက်အောက်မှာ တာဝန် မထမ်းဆောင်ဘဲ ရှောင်ရှားကြဖို့ကို ထုတ်ပြန်ချက်ထဲမှာ သတိပေးထားပါတယ်။
အခုထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်တာ မရှိရင်တော့ ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ဖော်ပြထားပါတယ်။