ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ KNU ပါဝင်မှု ယာယီရပ်ဆိုင်း
2018.10.28

လတ်တလောကျင်းပမယ့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေမှာ KNU ကရင်အမျိုးသားအစည်းအရုံးက ပါဝင်မှု ယာယီရပ်ဆိုင်းထားကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့လိုက်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်မှုမှာ အဓိပ္ပါယ်ပြည့်ဝတဲ့ ပါဝင်မှုဖြစ်ဖို့အတွက် အဖွဲ့အစည်းတစ်ခုလုံး တစ်ညီ တစ်ညွတ်တည်းပါဝင်ဖို့ လုံလောက်တဲ့ အချိန်ကာလတစ်ခုရယူဖို့ လိုတဲ့အတွက် ပါဝင်မှုကို ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေရဲ့ သီးသန့်အစည်းအဝေး သဘောတူညီချက်တွေကို အဖွဲ့အစည်း အတွင်း ပြန်လည်ချပြတာ၊ ဆွေးနွေးတာ၊ အတည်ပြုတာ၊ ညှိနှိုင်းလုပ်ဆောင်တာနဲ့ ဆုံးဖြတ်ချက်ချတာတွေကို ပြုလုပ်ရမှာဖြစ်ကြောင်း၊ အဲဒီလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်မှုအသစ်ဖြစ်တဲ့ ယန္တရား၊ မူဘောင်နဲ့ ဆုံးဖြတ်ချက်ချမယ့်ပုံစံကို အားလုံးနားလည်ဖို့နဲ့ သဘောတူညီချက် ရယူရမှာဖြစ်တယ်လို့လည်း စာမှာပါရှိပါတယ်။
ဒီအကြောင်းကြားစာနဲ့ပတ်သက်လို့ KNU ခေါင်းဆောင်တွေဆီ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။