ဖမ်းမိစစ်သား ခုနစ်ဦးကို စစ်တပ်ပြန်တောင်းတဲ့ကိစ္စ အတည်မပြုနိုင်သေးကြောင်း KNU ပြော

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသမှာ အဖမ်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်သား ခုနစ်ယောက်ကို စစ်တပ် ဘက်က ပြန်တောင်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးဘူးလို့ KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
အဲဒီစစ်သားတွေဟာ ရိက္ခာပို့တဲ့သူတွေဖြစ်ပြီး သူတို့ဖမ်းဆီးခံရတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ KNU ဗဟိုနဲ့ JMC လမ်းကြောင်းအတိုင်း ဆက်သွယ်ပြောဆိုနေတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မနေ့က RFA ကို ပြောဆိုခဲ့တာကြောင့် KNU ဘက်ကို ထပ်မံမေးမြန်းရာမှာ ပဒိုစောတောနီးက အဲဒီလို တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ပြန်တောင်းတယ်ဆိုတဲ့ သတင်းတွေကို အတည်မပြုနိုင်သေးပေမယ့် ဖမ်းထားသူတွေကို လူသားဆန်စွာ ဆက်ဆံထိန်းသိမ်းထားတာကြောင့် ဘာမှစိတ်ပူစရာ မရှိဘူးလို့ ပဒိုစောတောနီးက ပြောပါတယ်။
"ကျနော်တို့ လက်အောက်မှာ အခုရောက်လာတဲ့ ရန်သူတပ်က စစ်သားတွေကို ကျနော်တို့ လူသားဆန်စွာ ဆက်ဆံသွားမှာပါ။ တစ်ချိန်က သူတို့က ရန်သူပဲဖြစ်ဖြစ်၊ ကျနော်တို့လက်အောက်မှာ အညံ့ခံဖြစ်လာတဲ့ သူတွေကို ကျနော်တို့က လူသားပီပီနဲ့ ပြန်ဆက်ဆံရမယ့်တာဝန်က ရှိတယ်ဗျ။ အဲဒီလိုပဲ ကျနော်တို့ တပ်တွေကို သွန်သင်ထားပါတယ်။ အဲဒါကြောင့်မိုလို့ ကျနော်ပြောချင်တာက ဘာမှစိတ်ပူစရာတော့ အကြောင်းမရှိဘူး။ အခုလောလောဆယ်တော့ မပြောနိုင်သေးပေမယ့် သူရဲ့နောင်ရေးအတွက် ချိတ်ဆက် ပြီး အဖွဲ့အစည်းများနဲ့ လုပ်စရာတော့ ရှိပါတယ်ခင်ဗျ"
စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအဆင့် အပါအဝင် စစ်သား ခုနစ်ဦးကို ဒီဇင်ဘာလ ၃၀ ရက် မနေ့က လေးကေ့ကော်ဒေသ ရသေ့ဂူရွာမှာ လက်နက်ခဲယမ်းတွေနဲအတူ ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဖမ်းဆီးခဲ့တာပါ။
ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လေးကေ့ကော်မှာ ဖြစ်ပွားခဲ့တဲ့ KNLA၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တပ်တွေ အကြား တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၂၇၅) က တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ နယ်ခြားစောင့်တပ် (BGF) က နှစ်ဦးကို KNLA က ဖမ်းဆီးရမိခဲ့ပါတယ်။
ဒေသခံပြည်သူ တစ်သောင်းခြောက်ထောင်ကျော်ကတေ့ာ လေးကေ့ကော်မြို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။