စစ်တပ်ကသာ အာဏာသိမ်းပြီး NCA ကို စတင်ချိုးဖောက်ကြောင်း KNU တုံ့ပြန်

2021.12.31
စစ်တပ်ကသာ အာဏာသိမ်းပြီး NCA ကို စတင်ချိုးဖောက်ကြောင်း KNU တုံ့ပြန် KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး ကို တွေ့ရစဉ်
Photo: KIC

နိုင်ငံရေးပြဿနာကို နိုင်ငံရေးယဉ်ကျေးမှုအပြည့်နဲ့သာ ဖြေရှင်းရမယ်ဆိုတဲ့ NCA ရဲ့အနှစ်သာရကို စစ်တပ် ကသာ ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းခြင်းနဲ့ စတင် ချိုးဖောက်လိုက်တာဖြစ်ကြောင်း KNU နိုင်ငံခြားရေး တာဝန်ခံ ပဒိုစောတောနီးက ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ချက်ချင်းတုံ့ပြန်လိုက်ပါတယ်။

ဒီဇင်ဘာ (၃၀) ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီဘက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ စာချုပ်ပါ စည်းကမ်းတွေကို အလေးထားလိုက်နာဖို့နဲ့ ကျူးလွန်ချိုးဖောက်ရင် လိုအပ်တဲ့ လုံခြုံရေးဆောင်ရွက်ချက်တွေကို လုပ်ဆောင်ရမယ်လို့ သတိပေးလိုက်တာပါ။

KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက NCA ကို စတင်ချိုးဖောက်တာဟာ အာဏာသိမ်း စစ်တပ်သာ ဖြစ်တယ်လို့ RFA ကို တုံ့ပြန်ပြောဆိုပါတယ်။

“NCA က အခြေခံမူကို လုံးဝချိုးဖောက်တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးယဉ်ကျေးမှုအပြည့်နဲ့ ဖြေရှင်းမယ် ဆိုတာကို သူကိုယ်တိုင်က လက်မှတ်ထိုးထားပြီးတော့ လုံးဝ ဂရုမစိုက်ဘဲ အာဏာ ထသိမ်းလိုက်တော့ အဲဒါ အကြမ်းနည်းနဲ့ ဖြေရှင်းတာလေဗျာ။ အဲဒါ ရှင်းနေတာပဲ။ NCA ကို လုံးဝ ဖျက်ဆီး ပစ်လိုက်တာ သူတို့။ နောက်ပြီး အခြား ချိုးဖောက်တာအများကြီး အခန်း (၇) ခန်းရှိတယ် တစ်ခန်းမှကို ဂရုမစိုက်ဘူး။ တစ်ခုမှ အကောင်အထည် မဖော်ဘူး။ အခန်းတိုင်း အခန်းတိုင်း ပြဿနာရှာတယ်၊ ရမယ် ရှာပြီး လုံးဝအကောင်အထည် မဖော်ဘူးဗျာ။ ဒါဆိုတော့ ရှင်းနေတာပဲ NCA ကိုချိုးဖောက်တာ ဘယ်သူလဲ ဆိုတာ ရှင်းနေတာပဲ”

စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ NCA စာချုပ်ပါ ကတိကဝတ် တွေကို အလေးထားလိုက်နာဖို့နဲ့ မိမိတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကိုလည်း စာချုပ်ပါ စည်းကမ်းတွေ ကို လိုက်နာအောင်ထိန်းသိမ်းဖို့ တိုက်တွန်းတယ်လို့လည်း ဖော်ပြထားပါတယ်။

ရန်ကုန်အပါအဝင် မြန်မာပြည်တောင်ပိုင်း မြို့ကြီးတွေက တိုက်ခိုက်ခံရမှုဖြစ်စဉ် ၁၅ ခုမှာ ဖမ်းဆီးရမိသူ ၂၇၂ ဦး၊ လက်နက်မျိုးစုံ ၂၂၈ လက်၊ ကျည်မျိုးစုံ ၂၇၂၂၈ တောင့်၊ ရှေ့ထွက်မိုင်းနဲ့ လက်ပစ်ဗုံးမျိုးစုံ ၂၈၆ လုံး သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဖောက်ခွဲရေးသင်တန်းတွေကို KNU တပ်မဟာနယ်မြေတစ်ချို့မှာ သင်တန်းတက်ခဲ့ရတာအပြင်၊ ဖမ်းဆီးရမိတဲ့ လက်နက်တွေ အများစုကလည်း KNU နယ်မြေအသီးသီးကနေ ဝင်ရောက်လာတဲ့ လက်နက်ခဲယမ်းတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အခုလိုဖြစ်လာရတဲ့ အကြောင်းအရင်းတွေက စစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့အတူ ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်မှုတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်တွေလို့ ပဒိုစောတောနီး က တုံ့ပြန်ပါတယ်။

“အဲဒါပဲဗျ၊ သူတို့က ပေါက်တတ်ကရ လျှောက်မလုပ်ဘူးဆိုရင် ဒီလိုတွေ ဖြစ်လာစရာအကြောင်းမရှိဘူး။ ဒီလူတွေကို လူသားချင်း စာနာထောက်ထားမှု အခြေခံနဲ့ လက်ခံတယ်။ ဒါပေမဲ့ သတ်ဖြတ်ခံရတာ တွေရှိလာတဲ့အခါ သူတို့မှာ ဘာတောင်းဆိုလာလဲဆိုတော့ သူတို့ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ဆိုပြီးတော့၊ အဲဒါ နည်းပဲ ပေးလိုက်ပါတယ်။ သူတို့ နှိမ်နင်းရင် ဘယ်လိုရှောင်တိမ်းရမယ် ပြေးရလွှားရမယ် ဘယ်လိုခုခံကာကွယ်ရမယ် ဒီလောက်ပဲ။ ဒီထက်ပိုမပေးဘူး အဲဒါကြောင့် သူတို့ပြောနေတဲ့ဟာတွေက အထူးသဖြင့် ကျနော်တို့ကို မတော်မတရား စွပ်စွဲတဲ့ဟာတွေက လုံးဝမမှန်ဘူးလို့ ကျနော် ငြင်းဆိုတယ်”

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြည်သူတွေ က လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ရဲက အင်အားသုံး ပစ်ခတ်နှိမ်နင်း တာတွေ ပြုလုပ်ခဲ့တဲ့နောက်ပိုင်း မြန်မာပြည်အနှံ့အပြားမှာ စစ်ကောင်စီကို ရရာလက်နက်စွဲကိုင်ပြီး ခုခံ တော်လှန်မှုတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။