NCA အပစ်အခတ်ရပ်စဲရေးစာချုပ် ပျက်သွားပြီလို့ KNU ပြော

RFA Burmese
2023.08.10
NCA အပစ်အခတ်ရပ်စဲရေးစာချုပ် ပျက်သွားပြီလို့ KNU ပြော ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာသော KNU ဥက္ကဋ္ဌ(ဟောင်း) ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။
AFP

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ရဲ့ သဘောတူညီချက် အခြေခံမူတွေကို စစ်တပ်က ချိုးဖောက်တာကြောင့် NCA စာချုပ်မရှိတော့ဘူးလို့ KNU ၁၇ ကြိမ်မြောက် ကွန်ဂရက်အစည်းအဝေးအပြီး ရက်တစ်ရာပြည့်အဖြစ် ဩဂုတ်လ ၁၀ ရက်နေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောပါတယ်။

"NCA နဲ့ပတ်သက်ပြီး လိုက်နာစရာအကြောင်းမရှိတော့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ NCA ရဲ့ နှလုံးသားဖြစ်တဲ့ အခန်းတစ်အခြေခံမူကို နင်းခြေပစ်တာ စစ်တပ်ဖြစ်ပါတယ်၊ အခန်းတစ်က NCA တစ်ခုလုံးရဲ့ နှလုံးသားဖြစ်ပါတယ်၊ နှလုံးသားကို ဖျက်ဆီးလိုက်ပြီဖြစ်တဲ့အတွက်ကြောင့် ဒီ NCA ဟာမရှိတော့ဘူး၊ NCA ကိုအသုံးပြုပြီးတော့ ကျွန်တော်တို့ နိုင်ငံတကာကို လှည့်စားခြင်းသော်လည်းကောင်း၊ ပြည်သူလူထုကို လှည့်စားခြင်းသော်လည်းကောင်း အဲဒါတွေက ကျွန်တော်တို့မဆိုင်ဘူးဆိုတာ ပြောချင်ပါတယ်"

NCA အခြေခံမူ ၁၁ ချက်ထဲမှာ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။

NCA စာချုပ်ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့က လက်မှတ်ရေးထိုးခဲ့တာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ NCA စာချုပ်ကို မျက်ကွယ်မပြုဖို့နဲ့ စစ်တပ်အနေနဲ့ NCA အပေါ်မှာ အလေးထား ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ သြဂုတ် ၈ ရက်က ပြောထားပါတယ်။

လက်ရှိ အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို အခြေခံတဲ့ ဘယ်ရွေးကောက်ပွဲကိုမဆို လက်မခံဘူးလို့လည်း ပဒိုစောတာဒိုမူးက ပြောပါတယ်။

"ကျွန်တော်တို့ ရွေးကောက်ပွဲကို လက်မခံပါဘူး၊ ၂၀၀၈ ကိုအခြေခံတဲ့ ဘယ်ရွေးကောက်ပွဲကိုမှ ကျွန်တော်တို့ အသစ်မလုပ်သင့်ဘူး၊ လုပ်တဲ့ရွေးကောက်ပွဲသည် အကောင်းထက် အဆိုးဘက်ကိုပဲ ဦးတည်ပြီးတော့ ပိုပြီးတော့ မြန်မာပြည်ရဲ့ နိုင်ငံရေးပြဿနာဖြေရှင်းတဲ့နေရာမှာ ခက်ခဲရှုပ်ထွေးသွားစေမှာ ဖြစ်တဲ့အတွက်ကြောင့် စစ်အာဏာရှင် တည်တံ့ခိုင်မြဲရေးကို အခြေပြုတဲ့ ရွေးကောက်ပွဲကို အခြေခံသော လှုပ်ရှားမှုမှန်သမျှကို မကူညီကြဖို့ ပြောကြားလိုပါတယ်"

KNU ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ဒုစရိုက်လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းတွေမှာ ပါဝင်ပတ်သက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးလည်း KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက သတင်းစာရှင်းပွဲမှာ ရှင်းလင်းခဲ့ပါတယ်။

peace.jpeg
၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်နေ့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးပွဲကို နေပြည်တော်တွင် ကျင်းပစဉ်။ (Photo: RFA)

KNU ထိပ်ပိုင်းခေါင်းဆောင်းတချို့ ပါဝင်ပတ်သက်မှုရှိမရှိကို KNU ဗဟိုကော်မတီက ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်၊ KNU ဒု ဥက္ကဋ္ဌ ကာကွယ်ရေးတာဝန်ခံလည်းဖြစ်တဲ့ ပဒိုစောဆဲဂေဦးဆောင်ပြီး ခရိုင်ကိုယ်စားလှယ် တတ်သိပညာရှင်တွေ ဘက်မလိုက်တဲ့အဖွဲ့ ပါလာဖို့အတွက် ဖွဲ့စည်းခဲ့ပါတယ်၊ ဒီလို ဆောင်ရွက်တဲ့အခါမှာ အချိန်ကာလကလည်းနည်းတယ်၊ တိုတောင်းတဲ့အချိန်မှာ ဒီအဖွဲ့အစည်းကိုဖွဲ့စည်းတယ်၊ ဒီအဖွဲ့အစည်းကနေ စတင်ဆောင်ရွက်တာတွေ လုပ်နေပါပြီ၊ နောက်ဆုံးအဆင့် ကောက်ချက်ချလို့ရတဲ့ အဆင့်မရောက်သေးဘူးလို့ ပြောလို့ရပါတယ်"

အဖွဲ့အတွင်း စည်းမျဉ်းစည်းကမ်းချိုးဖောက်တာတွေကိုလည်း တွေ့ရှိချက်အပေါ်မူတည်ပြီး KNU ဖွဲ့စည်းပုံဥပဒေ၊ နည်းဥပဒေအရ ဖြစ်စေ၊ KNU တရားရေးအရ နဲ့ ဗဟိုကော်မတီဆုံးချက်တွေအရ အရေးယူသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

KNU ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေထဲမှာ နိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရှိတဲ့ စစ်တပ်ထူထောင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲဖို့၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းတွေ သဘောတူလုပ်ကိုင်ဖို့၊ နိုင်ငံသစ်ထူထောင်ရေးအဆင့်တိုင်းမှာ နိုင်ငံတကာပါဝင်စေဖို့ ဆိုတဲ့ အချက်တွေပါဝင်တယ်လို့ ဆိုပါတယ်။

KNU2.jpg
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် NCA-S-EAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေး တက်ရောက်လာသော KNU ဥက္ကဋ္ဌ(ဟောင်း) ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo: AFP)

လက်ရှိ စစ်ရေးအခြေအနေတွေကိုတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ဦးစီးမှူး ဗိုလ်မှူးချုပ်စောတာမလာသော က ရှင်းပြပါတယ်။ စစ်ကောင်စီဟာ လက်ရှိမှာ ခံစစ်အနေအထားကို ရောက်နေပြီလို့ သူက ပြောပါတယ်။

“စစ်ရေးအနေအထားက သေနကဗျူဟာအရ ခံစစ်အနေအထားကို ရောက်ပြီလို့ ပြောလို့ရပါတယ်၊ နည်းဗျူဟာအရ ထိုးစစ်ကိုမလုပ်နိုင်ဘဲ အဲဒီအစား လက်နက်ကြီးနဲ့ လေယာဉ်ကိုပဲ အစားထိုးအသုံးပြုနေရပါတယ်၊ အဲလိုလုပ်တာက ပြည်သူလူထုကို ပစ်မှတ်ထားတာက များနေပါတယ်”

KNU ရဲ့ အခုလို ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အခု ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း နဲ့ ပဲခူးတိုင်းက KNU ထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU အကြား တိုက်ပွဲပေါင်း ၂၅၀၀ နီးပါး (၂၄၉၅ ကြိမ်) ဖြစ်ပွားခဲ့တယ်လို့ KNU က ဇူလိုင်လ ၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။