မြဝတီမြို့ကိုလာမယ့် စစ်ကောင်စီရဲ့ စစ်ကူတပ်တွေကို ရှင်းထုတ်မယ်လို့ KNU ပြော
2024.04.24

ကရင်ပြည်နယ်၊ မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းထဲကို စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်နေ့မှာ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) အကူအညီနဲ့ ပြန်လည်ဝင်ရောက်တပ်စွဲခဲ့ပေမဲ့ သင်္ဃန်းညီနောင်က တပ်ရင်း ၃၅၅၊ ၃၅၆၊ ၃၅၇ နဲ့ ဗျူဟာကုန်းတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ပူးပေါင်းတပ်တွေ နေရာယူထားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။
သွေးပူပူနဲ့ မဖြေရှင်းလိုတာကြောင့် KNLA နဲ့ ပူးပေါင်းတပ်တွေ မြို့ပေါ်ကနေ ရှောင်ထွက်ပေးခဲ့တာလို့ ပြောပါတယ်။
ဒါပေမဲ့ ထပ်ရောက်လာမယ့် စစ်ကောင်စီရဲ့ စစ်ကူတပ်တွေကို ရှင်းထုတ်သွားမယ်လို့ ပဒိုစောတောနီးက ဧပြီလ ၂၄ ရက်နေ့မှာ RFA ကို ပြောပါတယ်။
“သူတို့ဘယ်လောက်အထိ တက်လာမလဲဆိုတာ ကျွန်တော်တို့ဘက်ကကြည့်မယ်။ မျက်စိနဲ့ ကြည့်မှာမဟုတ်ဘူး။ တကယ်ဆော်တော့မှာ။ အဲဒါမို့လို မြဝတီမြို့ထဲမှာ ကိစ္စကတော့ အသာလေးထား။ စစ်ကူလာမဲ့ ဟာတွေကို ကျွန်တော်တို့ရှင်းထုတ်မှာ။ ကမ္ဘာကိုလည်း ကြေညာထားပြီးသား။ ကျန်တဲ့ဟာတွေက သိပ်မှုစရာမရှိဘူး။ မြို့ထဲမှာ ရှိတဲ့ဟာတွေက မျက်စိနဲ့ကြည့်လိုက်ရင် မြင်နေရတဲ့ဟာတွေပဲ”
ပြီးခဲ့တဲ့ရက်ပိုင်းက KNU အပါအဝင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ တွေ့ဆုံပြီးနောက် ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ KNU ကြား သဘောတူညီမှုရပြီး မြဝတီမြို့က ခလရ ၂၇၅ တပ်ရင်းကို KNU က လက်လွှတ်ခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် အနည်းဆုံးအခြေခံအချက် သုံးချက်ကို KNU က လက်ကိုင်ထားပြီး ပထမအချက်အနေနဲ့ စစ်ကောင်စီက နိုင်ငံရေးကနေ ထွက်ဖို့၊ နောက်ပြီး ကျူးလွန်ခဲ့သမျှကိုတာဝန်ယူဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲရေးကို ဦးစွာသဘောတူဖို့ လိုတယ်လို့ ပြောပါတယ်။
KNU ဘက်က ပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
KNU ကတော့ သူတို့လက်ကိုင်ထားတဲ့ အချက်တွေကို လိုက်နာတာမရှိဘဲ ဘယ်သူက ဖိအားပေးပေး စစ်ကောင်စီကို လက်ခံဆွေးနွေးဖို့ မရှိဘူးလို့ ပဒိုစောတောနီးက ပြောပါတယ်။
ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ မြဝတီမြို့တိုက်ပွဲနဲ့ ပတ်သက်လို့ ကြားဝင်ဆောင်ရွက်နေတဲ့ ထိုင်းအစိုးရနဲ့ KNU ကြား တရားဝင်တွေ့ဆုံဆွေးနွေးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။