နိုင်ငံတော် သမ္မတနဲ့ ဦးစီးချုပ်တို့ KNU ဥက္ကဌနဲ့ တွေ့ဆုံ
2014.01.05

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ နေပြည်တော်မှာ ဒီနေ့တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် ကြိုးပမ်းနေတာတွေ ကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။
ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ် မူတူးစေးဖိုးနဲ့ အထွေထွေအတွင်းရေးမှူး ပဒို စောကွယ်ထူးဝင်းတို့ တက်ရောက်ခဲ့ပြီး သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ ဝန်ကြီး ဦးခင်ရီနဲ့ ဝန်ကြီး ဦးအောင်မင်းတို့လည်း တက်ရောက်ခဲ့ကြပါတယ်။
ကေအဲန်ယူနယ်မြေမှာ မကြာခင် ကျင်းပတော့မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံအပြင် ဘားအံမှာ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံမယ့်ကိစ္စတွေကိုလည်း တင်ပြဆွေးနွေးဖြစ်တယ်လို့ ပဒို စောကွယ်ထူးဝင်းက ပြောပါတယ်။
“ကျနော်တို့ ကေအဲန်ယူနယ်မြေအတွင်းမှာ တိုင်းရင်းသားညီလာခံလုပ်မယ်၊ နောက်ဘားအံမှာ အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီနဲ့ တွေ့မယ်ဆိုတာကို ပြောပြတယ်”
လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးတွေ့ဆုံပြီး တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အခြေခံမူတွေကို ဆွေးနွေးကြမှာပါ။ အဲဒီနောက် ကရင်ပြည်နယ် ဘားအံမြို့မှာ ဇန်နဝါရီလ ၂၄ ရက် ဝန်းကျင်လောက်မှာ အစိုးရနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဘားအံဆွေးနွေးပွဲအတွက် ရက်အတိအကျတော့ မထုတ်ပြန်သေးပါဘူး။
ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတနဲ့ လေးကြိမ်မြောက် တွေ့ ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်။ ကေအဲန်ယူဟာ ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲ ခဲ့တာ ဖြစ်ပါတယ်။