ကရင်ငြိမ်းချမ်းရေးကောင်စီ စစ်ရေးချုပ် မိမိကိုယ်ကိုအဆုံးစီရင်
2023.04.11

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)ရဲ့ စစ်ရေးချုပ်ဖြစ်သူ အသက် ၆၀ ကျော်အရွယ် ဗိုလ်ချုပ်စောအယ်ခူဟာ ဧပြီလ ၁၁ ရက်နေ့မနက် ၉ နာရီဝန်းကျင်မှာ မိမိကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်း ကပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ထလော့ကျေးရွာမှာရှိတဲ့ သူရဲ့နေအိမ်မှာ အဆုံးစီရင်သွားတာလို့ ဆိုပါတယ်။
ကျန်းမာရေးနဲ့ တာဝန်ဖိအားတွေကြောင့် အခုလိုလုပ်တာ ဖြစ်နိုင်တယ်လို့ KNU-KNLA/PC အဖွဲ့က ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကိုပြောပါတယ်။
“ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဘက်ကလည်း စိတ်ညစ်ရတာတစ်ဖက်၊ ဒီဘက်က စိတ်ပိုင်းဆိုင်ရာဖိစီးမှု ခံစားနေရတာလည်းတစ်မျိုး၊ ဒီဒဏ်ရာဒဏ်ချက်တွေကြောင့်မို့ နောက်ဆုံးထွက်ပေါက် ရှာတဲ့အနေနဲ့ လုပ်သွားတယ်လို့တော့ ကျွန်တော်တို့ သုံးသပ်ပါတယ်”
ဗိုလ်ချုပ်စောအယ်ခူဟာ KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီရဲ့ စစ်ရေးချုပ်တာဝန်ထမ်းဆောင်တာ နှစ်နှစ်နီးပါးသာ ရှိသေးတယ်လို့ သူကပြောပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီဟာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ ဆက်ပြီး တွေ့ဆုံဆွေးနွေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။