KNU ဗဟိုအလုပ်အမှုဆောင်အားလုံးနုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့တွေ တောင်းဆို

ဇင်မာဝင်း ( ဝါရှင်တန်ဒီစီ )
2023.02.24
KNU ဗဟိုအလုပ်အမှုဆောင်အားလုံးနုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့တွေ တောင်းဆို ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပခဲ့သည့် KNU ဌာနချုပ်မှာ ကျင်းပခဲ့သည့် KNU တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနား။
Photo: RFA

ထိုင်း-မြန်မာနယ်စပ်က တရုတ်စီမံကိန်းတချို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦး ပါဝင်ပတ်သက်နေတဲ့အပေါ် အရေးယူဆောင်ရွက်တာ မရှိတဲ့အတွက် ဗဟိုအလုပ်အမှုဆောင်တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့ ကမ္ဘာတစ်ဝန်းက ကရင်အဖွဲ့အစည်း ၆၈ ဖွဲ့က KNU ခေါင်းဆောင်တွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပဒိုစောရောဂျာခင်ဟာ ရွှေကုက္ကိုမြို့သစ်စီမံကိန်း အနီးက နောက်ထပ် တရုတ်စီမံကိန်းတစ်ခုဖြစ်တဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို ခွင့်ပြုပေးခဲ့သလို စီမံကိန်းဖွင့်ပွဲအခမ်းအနားကိုလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့က တက်ရောက်ခဲ့တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ဒီစီမံကိန်းတွေမှာ လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစား၊ လိင်ဖျော်ဖြေ‌ရေးလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ပါဝင်နေတဲ့အပြင် ဒုစရိုက်လုပ်ငန်းမှာ ပါဝင်နေတဲ့  နိုင်ငံတကာစီးပွားရေးသမားတွေ ငွေမည်းခဝါချနိုင်အောင် ရင်းနှီးမြှုပ်နှံနေတဲ့ စီမံကိန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုစီမံကိန်းတွေမှာ KNU ထိပ်ပိုင်းခေါင်းဆောင် ပါဝင်ပတ်သက်နေတာကို အရေးယူဖို့ ပျက်ကွက်တဲ့အတွက် အခုလိုတောင်းဆိုတာလို့ အိတ်ဖွင့်ပေးစာပေးပို့တာနဲ့ပတ်သက်တဲ့ ပြောရေးဆိုခွင့်ရှိသူ စောသူးကဘီးက ပြောပါတယ်။

“ဒီရွှေကုက္ကိုစီမံကိန်းကြီးက သူတို့ပြောသလို စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းတွေ မဟုတ်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည့်နှက်နေတဲ့၊ ရာဇဝတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ စီမံကိန်းတွေဖြစ်နေတယ်။ ပြီးတော့ ရာဇဝတ်မှုတွေ ကျူးလွန်ပြီး နိုင်ငံတကာအလိုရှိနေတဲ့ လူပုဂ္ဂိုလ်တွေက ဒီစီမံကိန်းတွေကို ဦးဆောင်နေတာ။ ဒီလိုစီမံကိန်းတွေမှာ KNU ခေါင်းဆောင်တစ်ယောက် ပါဝင်ပတ်သက်နေတာကို စုံစမ်းစစ်ဆေးအရေးယူတာ မလုပ်ခဲ့တာဟာ KNU အဖွဲ့အစည်းအတွက်လည်း မကောင်းဘူး၊ ကိုယ့်နိုင်ငံရေးဂုဏ်သိက္ခာလည်း ကျတယ်။ ပါဝင်ပတ်သက်နေတဲ့ခေါင်းဆောင်ကို အရေးယူမှု၊ တာဝန်ယူဖြေရှင်းမှု မရှိရင် ဒီမိုကရေစီစနစ်အရ နုတ်ထွက်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာ။ လက်ရှိစီမံကိန်းတွေက ဒီအတိုင်း ရပ်နေမှာမဟုတ်ဘူး ထပ်တိုးချဲ့ဖို့ရှိနေတယ်လို့ ကျွန်တော်တို့ ကြားနေရတယ်။ ဒါက ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ဆက်ပြီးများမယ်ပေါ့နော်။ ဒီဟာတွေကို အမြန်ဆုံးရပ်တန့်ဖို့လိုမယ်။ ဒါမှသာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နိုင်ငံတကာရာဇဝတ်မှုတွေကို ဟန့်တားနိုင်မယ်လို့ မြင်တယ်။”

ဒီလိုစီမံကိန်းကြီးတွေကို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်မရှိဘဲ အခုလိုအကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့လည်း ဒီအဖွဲ့တွေက ယူဆကြပါတယ်။

အခုလိုပါဝင်ပတ်သက်နေတာတွေဟာ KNU ရဲ့ မူဝါဒ၊ နိုင်ငံရေးခံယူချက်နဲ့ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ဆန့်ကျင်နေသလို အဖွဲ့အစည်းတစ်ခုလုံးရဲ့ နာမည်နဲ့ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေတယ်လို့ ထောက်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီနဲ့ အခုချိန်အထိ လက်တွဲအလုပ်လုပ်နေတဲ့ KNU ခေါင်းဆောင်တချို့ ရှိနေပြီး၊ ဒါတွေဟာ KNU ခေါင်းဆောင်မှု ကျဆင်းနေတဲ့ပြဿနာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) ပြောခွင့်ရှိသူ ကိုစောနန္ဒဆူးက… ဒီကိစ္စတွေမှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ အခုလို ပါဝင်တောင်းဆိုတာလို့ ပြောပါတယ်။

“ကျွန်တော်တို့ အစဉ်အမြဲ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ပြီး အဓိကကတော့ တာဝန်ယူမှု တာဝန်ခံမှုအတွက်ရယ် တရားမျှတမှု ရရှိဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့ရယ် ဒီအချက်တွေကြောင့် ပါဝင်ဖြစ်တာပါ။ ဘယ်အဖွဲ့အစည်းကမဆို တကယ်လို့ ဒီလိုကျူးလွန်မှုတွေရှိခဲ့ရင် ဘယ်သူမဆို တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ ဒါ ကျွန်တော်တို့ တောင်းဆိုရခြင်းဖြစ်တယ်”

ဗဟိုအလုပ်အမှုဆောင် ကော်မတီအသစ်ကို ပြန်ပြီး ရွေးကောက်တင်မြှောက်နိုင်ခြင်း မရှိခင်ကာလမှာ အများလက်ခံနိုင်တဲ့ ကြားကာလ စီမံခန့်ခွဲရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဖို့၊ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် စီစဉ်ဖို့၊ ဒီလိုကိစ္စတွေဟာ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ ဖြစ်တဲ့အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးစေဖို့ ဆိုတဲ့အချက်တွေကိုလည်း ကရင်အဖွဲ့ ၆၈ ဖွဲ့က အိတ်ဖွင့်ပေးစာမှာ ထည့်သွင်းတောင်းဆိုထားပါတယ်။

အမေရိကန်၊ နော်ဝေ၊ ကနေဒါ၊ ဩစတြေးလျ၊ လန်ဒန်၊ နယူးဇီလန် စတဲ့ နိုင်ငံတကာက ကရင်အဖွဲ့အစည်းတွေ၊ ထိုင်း-မြန်မာနယ်စပ်က ကရင် လူ့အခွင့်အရေးနဲ့ စစ်ဘေးဒုက္ခသည်အရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ ပါဝင်တောင်းဆိုကြတာဖြစ်ပါတယ်။

ဒီတောင်းဆိုချက်တွေနဲ့ပတ်သက်လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီး နဲ့ တပ်မဟာ-၅ ပြောခွင့်ရှိသူ ပဒိုမန်းမန်းတို့ရဲ့ သဘောထားတုံ့ပြန်ချက်ရဖို့ RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။