စစ်ကောင်စီရဲ့ ကျောက်ညှပ်ရှေ့တန်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ပြော

2022.04.29
စစ်ကောင်စီရဲ့ ကျောက်ညှပ်ရှေ့တန်းတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ပြော ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့ဝင်တွေကို ကေအန်ယူ ထိန်းချုပ်နယ်မြေ၊ ဗဟိုဌာနချုပ်မှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၃ရက်နေ့က တွေ့ရစဉ်
Photo: RFA

ကရင်ပြည်နယ် ဖာပွန်ခရိုင် သံလွင်မြစ်ကမ်းဘေးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကျောက်ညှပ် ရှေ့တန်း တပ်စခန်းကို ဧပြီလ ၂၈ ရက် မနေ့ မနက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြတာဖြစ်ပြီး KNLA ဘက်ကလည်း အဆင့်မြင့်အရာရှိတစ်ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။

“ကျောက်ညှပ်စခန်း ကျသွားတယ်။ အဲဒီမှာပြောနိုင်တာက အဲဒီ တိုက်ပွဲမှာလည်း ကျနော်တို့ဘက်က တပ်မဟာထဲမှာ အဆင့်မြင့်အရာရှိတစ်ယောက် ကျသွားတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်”

ကရင်ပြည်နယ်ရဲ့ ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ KIC သတင်းဌာနမှာတော့ တိုက်ပွဲမှာ သေဆုံးသွားသူဟာ KNLA တပ်မဟာ (၅) ရဲ့ ဗျူဟာမှူး ဗိုလ်မှူးကြီး စောကထူးရှော ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲအပြီးမှာတော့ သံလွင်မြစ်နားမှာရှိတဲ့ မယ်နုထော့ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် KNU တပ်မဟာ (၁) နယ်မြေအတွင်းက စစ်ကောင်စီတပ်ရဲ့ ဝင်းတာပန်စခန်းကိုလည်း KNDO၊ KNLA၊ PDF ပူးပေါင်းတပ်တွေက ဧပြီလ ၂၈ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ စခန်းကို သိမ်းပိုက်နိုင်ခြင်း ရှိ၊ မရှိနဲ့ နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ် အခြေအနေတွေကို မသိရသေးပါဘူး။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာမျိုး မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်မေးမြန်း ပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းမပြန်သေးပါဘူး။

ဒီနေ့ နေ့လယ်ပိုင်းမှာလည်း မြဝတီမြို့ အမှတ် (၄) အောင်မြေရွှေဘုံ ရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။