KNU နယ်မြေမှာ တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီဘက်က ခုနစ်ယောက် သေဆုံး

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.05.27

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေမှာ KNU တပ်တွေနဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်း တပ်တွေအကြား မေ ၂၂ ရက်ကနေ မေလ ၂၅ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး၊ လေးရက် အတွင်း စစ်သား လေးဦးနဲ့ နယ်ခြားစောင့် BGF တပ်ဖွဲ့ဝင် သုံးဦး၊ စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဘက်က မေလ ၂၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ တပ်မဟာ ၃ ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ မေလ ၂၂ ရက်နေ့က ခဲဒိုးအုပ်စု လယ်ပူးထာနဲ့ ဝါမီလူးနယ်မြေတွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဘက်က မေလ ၂၆ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၂၄ ရက်နေ့မှာလည်း ကရင်ပြည်နယ် ဖာပွန်ခရိုင်လို့ လူသိများတဲ့ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ပါဟက်အုပ်စု၊ ကော်ဘော်ဒဲနယ်မြေမှာ တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး၊ စစ်ကောင်စီဘက်က သုံးဦး ဒဏ်ရာရတယ်လို့ KNU က ဆိုပါတယ်။

မေလ ၂၅ ရက်နေ့ကလည်း တပ်မဟာ ၅ နယ်မြေ ဝါလူးဒေသတိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

saw-kalado.jpgအခုနောက်ပိုင်း တိုက်ပွဲတွေမှာ၊ စစ်ကောင်စီဘက်က သူတို့ဖွဲ့စည်းပေးထားတဲ့ BGF တပ်ဖွဲ့တွေကို အသုံးပြုလာတယ်လို့ KNU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒို က RFAကို ပြောပါတယ်။

"BGF တွေပါတယ်၊ BGFကတော့ သူတို့တောက်လျှောက်ပဲ သူတို့တွဲလာ တယ်လေ၊ တွဲလာတော့ သူတို့ကြီးပဲလည်း မလှုပ်ရှားဘူး စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့ ပူးပေါင်းပြီးတော့ လှုပ်ရှားလာတာပေါ့နော်၊ ၂၂ရက်နေ့ကလေ ပြောရ မယ်ဆိုရင် ဖြစ်တာကတော့ ကြိုကြားကြိုကြားပဲ၊ ၂၂ ရက်နေ့က ခွေးသေ မာထော်းနဲ့ တောင်သုံးလုံးကြားမှာလည်းဖြစ်တာပဲ"

မေလ ၂၄ ရက်နေ့က၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ ဖာပွန်-ကိတိုင်တိလမ်းမှာ စစ်ကောင်စီကဖွဲ့ပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF နဲ့ KNLA တပ်မဟာ ၅ တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး၊ BGF ဘက်က စစ်ကြောင်းမှူး တစ်ဦး ကျဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီနေ့မနက်ပိုင်းမှာပဲ KNU တပ်မဟာ ၅ တပ်ရင်း ၁၀၂ နဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဖားလိုးဒို၊ ဖားလိုးဖို နယ်မြေကြားမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက် ရာမှာ BGF ဘက်က နှစ်ဦး သေဆုံးခဲ့ပြီး၊ ကိုးဦး ဒဏ်ရာရခဲ့တယ်လို့လည်း KNU ထုတ်ပြန်ချက်မှာ ရေးထား ပါတယ်။

ညနေပိုင်းမှာတော့ စစ်ကောင်စီဘက်က ဖာပွန်အခြေစိုက် ခမရ ၁၉နဲ့ ခမရ ၃၄၀ တပ်တွေကနေ မူတြော်ခရိုင် အတွင်းက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU က ပြောပါတယ်။

ဒါကြောင့် မေလ ၂၂ ရက်ကနေ ၂၅ ရက်နေ့အထိ လေးရက်အတွင်း၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ KNLA နဲ့ စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေးဦး ကျဆုံးပြီး ၁၁ ဦး ဒဏ်ရာရသလို၊ BGF တပ်ဖွဲ့ကတော့ စစ်ကြောင်းမှူး အပါအဝင် သုံးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတာ ဖြစ်ပါတယ်။

ထိခိုက်ကျဆုံးမှုစာရင်တွေ အတိအကျရနိုင်ဖို့ကိုတော့ ထပ်မံစိစစ်ဖို့ ညွှန်ကြားထားဆဲဖြစ်တယ်လို့ KNU တပ်မဟာ ပြောရေးဆိုခွင့်ရှိ သူဗိုလ်မှူးကြီး စောကလယ်ဒို က RFA ကို ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့အတွက် စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမဲ့၊ ဆက်သွယ်လို့ မရခဲ့ပါဘူး။

KNU မြေအတွင်းမှာ စစ်အာဏာသိမ်းပြီးတဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့၊ တိုက်ပွဲတွေနေ့တိုင်းဖြစ်နေလို့ မထူးဆန်းတော့ဘူးလို့ KNU နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီး က ပြောပါတယ်။pado-saw-taw-ne.JPG

"တိုက်ပွဲဖြစ်တာကတော့ ဒီတပ်မဟာ ၃ နဲ့ ၅ မှာမှ ဖြစ်တာမဟုတ်ဘဲ၊ တခြား နေရာတွေမှာလည်း ဖြစ်တာပဲလေ၊ ခုဖြစ်တာကျတော့ ဘယ်လိုပြောရမလဲဆို နေ့တိုင်းလိုလိုဖြစ်နေတာပဲ၊ ဟိုတလောကပဲ ဘယ်အဖွဲ့ကလဲမသိဘူး ကျွန် တော့်ကို လှမ်းမေးတယ်၊ ဒီသံလွင်မြစ်နားမှာလား ဘယ်နားမှာလဲ တိုက်ပွဲ ဖြစ်လားလှမ်းမေတော့ ကျွန်တော်လှမ်းထောက်လိုက်တော့ အဲနေရာ တပ်မ ဟာ ၅ နေရာမှာ နေ့တိုင်းဖြစ်နေတာပဲလေ၊ တိုက်ပွဲလေးတွေ ကြိုကြား ကြို ကြား ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက်နဲ့ ဒီဟာတွေက ကျွန်တော်တို့ အထူး အဆန်း မဟုတ်တော့ဘူးလေ တိုက်ပွဲဖြစ်လာတာလည်း လပေါင်း မနည်းတော့ဘူး၊ တပ်မဟာ ၃ မှာ ဖြစ်တာကြာလှပြီ တပ်မဟာ ၅ မှာ ဖြစ်တာကြာလှပြီ အဲလမ်း ဖောက်တဲ့ကိစ္စနဲ့"

မေလတစ်လထဲမှာပဲ KNU နယ်မြေတစ်ခုလုံမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအကြိမ်ရေ ၁၉၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးသူ ၁၂၈ ဦး နဲ့ ဒဏ်ရာရသူ ၁၈၀ ဦး ရှိခဲ့တယ်လို့ KNU ရဲ့ အဲဒီသတင်းထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ အဲဒီထဲမှာ ဗိုလ်ကြီးအဆင့် အပါအဝင် အရာရှိသုံးဦး ပါဝင်တယ်လို့ဆိုပါတယ်။

KNU ဘက်ကတော့ ကိုးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သားပြည်သူ ငါးဦးထက်မနည်း ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းကနေ ထွက်ပြေးနေရသူ လေးသောင်းလောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။ အိသုထ ဒုက္ခသည်စခန်းအပါအဝင် ဧပြီ ၂၇ ရက်နေ့ နောက်ပိုင်း လေယာဉ်နဲ့ဗုံးကျဲလို့ ထွက်ပြေးရသူတွေနဲ့ဆိုရင် ထိုင်းနယ်စပ် သံလွင်မြစ်ဘေးတလျှောက်၊ ဒုက္ခသည်အရေအတွက် ရှစ်ထောင်လောက်အထိ ရှိနိုင်တယ်လို့လည်း ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ သူတွေက ပြောပါတယ်။

"သူတို့စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကြီးပစ်တာ ငါးရာကျော်ရှိပြီ"

လတ်တလောမှာ ကရင်ဒုက္ခသည်တွေအတွက် လုံခြုံရေးနဲ့ စားဝတ်နေရေးက၊ အဓိက အခက်အခဲဖြစ်နေတာ လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် ပြောရေးဆိုခွင့်ရှိသူ နော်ဝါခူရှီး က ပြောပါတယ်။

"အခုအဓိကအခက်အခဲက လုံခြုံရေးပေါ့နော်၊ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲကနေ့တိုင်းရှိနေတယ်၊ အခု သူတို့လည်း ရိက္ခာတွေဘာတွေပိတ်ခံရတော့ လမ်းတွေက စစ်ကူပို့လာပေးဖို့ ရိက္ခာတွေဘာတွေပို့လာပေးဖို့ လမ်းတွေဖောက်တာပေါ့နော့်၊ အဲမှာ KNLA ကလည်း သူတို့ကို ပိတ်ထားတာပေါ့ ရိက္ခာတွေပို့လို့မရအောင်၊ အဲတော့သူတို့က လက်နက်ကြီးပစ်တယ် နေ့တိုင်းပစ်တယ် လက်နက်ကြီးက အဲဒီတစ်လျှောက်မှာ ကမမောင်းကနေ ဖာပွန်အထိပေါ့၊ ပြီးတော့ ရှိထားတဲ့ ရွာကစခန်းတွေလည်း ရွာကနေပစ်ချတာတွေ အများ ကြီးရှိတယ်၊ ကျွန်မတို့ စာရင်းကောက်ထားတာတော့ သူတို့စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကြီး ပစ်တာ ငါးရာကျော်ရှိပြီပေါ့နော်၊ အဲမှာ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ ဆုံးသွားတဲ့ပြည်သူလူထုတွေ လည်းရှိတယ်၊ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သူတို့ရဲ့ အခြေအနေတွေက လုံးဝ ဆက်သွယ်လို့မရတဲ့ အခြေအနေ"

တပ်မဟာ ၃ နယ်မြေ ညောင်လေးပင်ခရိုင်မှာတော့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော်၊ သထုံခရိုင် တပ်မဟာ ၁ နယ်မြေမှာ တစ်ထောင်ဝန်းကျင် ရှိနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရသူ စစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းလောက်အထိ ရှိလာတယ်လို့လည်း နော်ဝါခူရှီးက ခန့်မှန်းပြောဆိုပါတယ်။

KNU ထိန်းချုပ်နယ်မြေ ကျောက်ကြီးမြို့မှာတော့ ဒေသအခြေစိုက် ကရင်လူမှုအဖွဲ့အစည်းက လူမှုကူညီရေး လုပ်ဆောင်နေတဲ့ နော်အေးကြန်ကို အခုလ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ ကျောက်ကြီးမြို့ ကရင်လူမှုအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

naw-aye-kyin.jpg
(ကျောက်ကြီးမြို့ ကရင်လူမှုအဖွဲ့က နော်အေးကြန်(အင်္ကျီပန်းရောင်)နဲ့ မိသားစုဝင်တွေပုံ)

ကရင်လူမှုကူညီရေးအဖွဲ့တွေဟာ စစ်ရေးနဲ့မသက်ဆိုင်ဘဲ လူမှုကူညီရေးတွေကိုသာ လုပ်ဆောင်နေတာဖြစ်လို့ အခုလိုဖမ်းဆီးတာကို ကန့်ကွက်တယ်လို့ KNU ကျောက်ကြီးမြို့နယ် အလုပ်မှုဆောင်ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

"ပြည်သူတွေရဲ့ အကျိုးစီးပွားပေါ့နော် အဲကြေညာချက်မှာပါတဲ့အတိုင်းပေါ့၊ သူတို့လှုပ်ရှားနေတဲ့ အဖွဲ့ အစည်းဖြစ်တယ်၊ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတော့ မဟုတ်ဘူးပေါ့၊ ကျန်တဲ့ကိစ္စလည်းလုပ်တာ မဟုတ်ဘူးပေါ့၊ သူ့ရဲ့ နိုင်ငံရေးအရ ကျန်းမာရေးလား၊ ပညာရေးလား စသဖြင့် လူမှုရေးရာနဲ့ ပတ်သက်တဲ့ ကိစ္စတွေနော် အဲဒါမျိုးကိုလုပ်နေတာဖြစ်တဲ့ အမျိုးသမီးကို ဖမ်းတဲ့ကိစ္စကတော့ မဖြစ်သင့်ဘူးလို့ ထင်တယ် နော်၊ ပြီးတော့ လွန်ခဲ့တဲ့ KNU ရဲ့ ကျောက်ကြီးမြို့နယ်ရဲ့ ကြေညာချက်လည်းရှိတယ်လေ၊ အကျပ်ကိုင်တာ တို့ ဘာတို့ လူထုကို ဖိအားပေးတာတို့ ဒါက လူထုကို ဖိအားပေးတဲ့အသွင်မျိုးဆောင်တယ်လေ၊ ဒီလိုဖိအား ပေးတာမျိုးကို ကျွန်တော်တို့ လုံး၀လက်မခံဘူးဆိုတာ အဲမှာသဘောထားရှိပါတယ်ခင်ဗျ။"

KNU ဟာ တော်လှန်ရေး အစဉ်အလာကြီးမားတဲ့ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပြီး သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ပြည်သူနဲ့အတူရပ်တည်မယ်လို့ KNU ဘက်က ကြေညာခဲ့ပြီး နောက်ပိုင်း၊ စစ်ကောင်စီတပ်တွေနဲ့ KNU အကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ဆက်ဖြစ်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။