အစိုးရနဲ့ KNPP မနက်ဖြန် တွေ့ဆုံဆွေးနွေးမည်
2018.04.25

အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန်ကစပြီး နှစ်ရက်တာ တရားဝင်ဆွေးနွေးပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။
ဒီဆွေးနွေးပွဲမှာ အရင်ကနှစ်ဖက်သဘောတူချုပ်ဆိုထားတဲ့အချက်တွေကို အာမခံပြီး၊ ခိုင်မာအောင် ဆက်လက် အကောင်အထည်ဖေါ်ဖို့ကိစ္စနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုနိုင်ရေးကိစ္စတွေ ပါမယ်လို့ KNPP ငြိမ်းချမ်းရေးကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဲနယ်ပလိုး က RFA ကို ပြောပါတယ်။
ဆွေးနွေးပွဲမှာ အစိုးရငြိမ်းချမ်းရေးကော်မရှင်ဘက်က ဒေါက်တာတင်မျိုးဝင်းနဲ့ ဦးခင်ဇော်ဦး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်မယ်လို့ ဆိုပါတယ်။
KNPP ဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ် ဇွန်လနဲ့ ၂၀၁၃ ခုနှစ် ဇွန်လမှာ Bilateral Agreements ဆိုတဲ့ နှစ်ဖက်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပါတယ်။ ဒါပေမယ့် UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီအဖွဲ့ဝင် ဖြစ်တဲ့အတွက် NCA လို့ခေါ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးဖို့မှာတော့ တပ်ပေါင်းစုမူအတိုင်း ရပ်တည်နေပါတယ်။
အခုဆွေးနွေးပွဲမှာ ပြည်နယ်ထဲက နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဘာသာရေးအဖွဲ့တွေနဲ့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တွေကို လေ့လာသူအဖြစ်တက်ရောက်ဖို့ KNPP ကဖိတ်ကြားထားပါတယ်။