KNPP ရဲ့ ဖံ့ွဖြိုးရေးကျောင်း ပြည်နယ်အစိုးရ တားမြစ်
2017.11.29

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP က ဦးဆောင်ပြီး ဖရူဆိုမြို့နယ်၊ ထီးသော်ကူးကျေးရွာက ဖွံ့ဖြိုးတိုးတက်ရေးကျောင်းဖွင့်မယ့်ကိစ္စကို ရပ်ဆိုင်းထားဖို့ ပြည်နယ်အစိုးရက တားမြစ်လိုက်ပါတယ်။
ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး လက်မှတ်နဲ့ ပေးပို့ထားတဲ့ တားမြစ်စာမှာ ခွင့်ပြုချက်မရတဲ့နယ်မြေမှာ အကောင်အထည်ဖော်လို့ဆိုပြီး ကန့်ကွက်ကြောင်း ပါရှိတယ်လို့ KNPP ရဲ့ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ် က ဒီနေ့ ပြောပါတယ်။
"ပညာရေးကိစ္စနဲ့ပတ်သက်ရင် ဒီမှာလည်း ပညာရေးဌာနတွေ ရှိတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ကျနော်တို့ကို ဟိုဟာပေါ့။ ပညာရေးဌာနနဲ့ ပတ်သက်ပြီး ဝင်ရောက် စွပ်စွဲတဲ့သဘောမျိုးပေါ့ သူက။ ခွင့်ပြုချက်မရသေးတဲ့ နယ်မြေအတွင်းမှာ အဲဒီလိုမျိုးဆောင်ရွက်တဲ့အတွက် သူတို့ကန့်ကွက်ကြောင်းပေါ့ အဲဒီလိုမျိုး စာထွက်လာပါတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့ထံ ဆက်သွယ်မေးမြန်းပေမယ့် ဖြေကြားခြင်း မရှိသေးပါဘူး။
ဖွံ့ဖြိုးရေးကျောင်းဟာ ငွေကြေးချို့တဲ့လို့ ကျောင်းဆက်မတက်နိုင်သူတွေအတွက် ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပြီး အရင်အစိုးရလက်ထက်က ဖရူဆိုမြို့နယ်အပြင် လွိုင်ကော်၊ ဒီမောဆိုနဲ့ ရှားတောမြို့နယ်တွေမှာ ကျောင်းတွေဖွင့်ဖို့ သဘောတူထားတယ်လို့ ပြောပါတယ်။
တားမြစ်စာကို ပြည်နယ်အစိုးရက နိုဝင်ဘာလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတာဖြစ်ပါတယ်။
ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ဟာ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်ပါတယ်။