ဖမ်းခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင် ၅ ဦးကို ဒီလ ၁၀ ရက်နေ့ အမိန့်ချမည်
2018.01.08

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား တစ်ဦး အသတ်ခံရတဲ့အပေါ် ကန့်ကွက် ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူလယ်သမား သမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို ဒီနေ့ လွိုင်ကော်မြို့နယ်တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး လာမယ့် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ အမိန့်ချဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ငြိမ်းစုစီ ပုဒ်မ ၁၉နဲ့ တရားစွဲဆိုခံထားရတဲ့ သမဂ္ဂအဖွဲ့ဝင် ၅ ဦးက အာမခံယူဖို့ကို ငြင်းဆိုခဲ့တယ်လို့ တရားခွင်ကို သွားရောက်ခဲ့တဲ့ ကယားပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ LAIN နည်းပညာအထောက်အကူပြု အဖွဲ့က ဒါရိုက်တာ ကိုကျော်ထင်အောင် ကပြောပါတယ်။
"အမိန့်မချဖြစ်ဘူးဗျ ၁၀ ရက်နေ့ သဘက်ခါကို ပြန်ပြီးတော့ ရုံးချိန်းဖြစ်သွားပါတယ်၊ ဒီနေ့ကတော့ မြို့နယ် စခန်းမှူးရယ် တရားလိုပြသက်သေနှစ်ဦးကို စစ်ဆေးတာနဲ့တင် ရပ်လိုက်ရတယ်ပေါ့နော်၊ ၅ ရက်နေ့ကတည်း ကတော့ အာမခံကို ဒီလူငယ် ၅ ဦးက ငြင်းပယ်တာဖြစ်တဲ့အတွက် ထောင်ချုပ်ဆိုပြီးတော့ ပို့လိုက်တယ်ပေါ့နော်၊ ဒီနေ့မှာကတော့ ထပ်ပြီးတော့ အာမခံရယူဖို့အတွက် သီးသန့်တိုက်တွန်းတဲ့ပုံစံမျိုးတော့ မတွေ့ရဘူး အာမခံ မယူတဲ့အတွက် ထောင်ချုပ်ကနေဘဲ ရင်ဆိုင်ဆိုတဲ့ပုံစံဖြစ်တယ်"
ကရင်နီပြည်လူငယ်များသမဂ္ဂအပါအဝင် ကရင်နီတောင်သူ လယ်သမားသမဂ္ဂအဖွဲ့ဝင် စုစုပေါင်း ၅ ဦးကို လွှတ်ပေးဖို့ အတွက် လူ့ဘောင်သစ်လူငယ်အဖွဲ့က ဒီနေ့ ရန်ကုန်မြို့ဆူးလေဘုရားအနီးမှာ လက်ကမ်းစာစောင်တွေ ဝေခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြပွဲဦးဆောင်တဲ့ သမဂ္ဂအဖွဲ့ဝင် ၅ ဦးကို ဖမ်းဆီးလိုက်တာဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တယ်လို့ လူ့ဘောင်သစ်လူငယ်အဖွဲ့က မအိသဉ္ဇာမောင်က ပြောပါတယ်။
"ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးပါတီတွေကော အစိုးရကော ငြိမ်းချမ်းရေးလိုချင်ပါတယ်ဆိုပြီး ပြောနေတဲ့ စစ်တပ်ကကောပါ အားလုံးလှုပ်ရှားနေကြတာလေ၊ ကျမတို့ လူငယ်တွေဆိုလေ ငြိမ်းချမ်းရေးကို လိုချင်တယ် ဆိုပြီးမှ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ကိုယ့်ဟာကို လှုပ်ရှားနေကြတာပေါ့ အစိုးရက ကြိုဆိုခြင်း မဆိုကြိုခြင်းက သူ့အပိုင်းပေါ့၊ ဒီလိုအခြေအနေမှာ ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်ပျက်သွားတယ်ဆိုတာမျိုးက အရမ်းလည်း အံ့သြစရာဖြစ်သွားတယ်ပေါ့၊ ဒါကငြိမ်းချမ်းရေးကိုသွားမယ် ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ် ဆိုရင် ဒီလိုကိစ္စမျိုးတွေက စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးလို့ရတယ်၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေ လုပ်မယ်ဆိုရင် ဒါတွေက ညင်ညင်သာသာနဲ့ ဖြေရှင်းရမယ့် အပိုင်းတွေချည်းပဲ"
ဒီဇင်ဘာလ ၂၀ ရက်နေ့က ကယားပြည်နယ် ရှားတောမြို့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို လွိုင်ကော်မြို့ အခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်က တပ်မတော် သားတွေက သတ်လိုက်တာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့က တက်ကြွ လှုပ်ရှားသူ အယောက် ၂၀ လောက် ဆန္ဒပြခဲ့တဲ့အတွက် ဦးဆောင်သူ ၅ ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။