KNPP တေ့ွဆုံဆွေးနွေးရေးကော်မတီ အစည်းအဝေး ကျင်းပ


2018.03.26
knpp-pc-622.jpg KNPP နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ အလွတ်သဘော တွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျင်းပစဉ်
Photo: Peace Commission - facebook

လာမယ့် ဧပြီလအတွင်း အစိုးရနဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီတို့ နှစ်ဖက်တွေ့ဆုံတဲ့အခါ KNPP ဘက်က ဆွေးနွေးသွားမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးကို ဒီနေ့ KNPP ရဲ့ တွေ့ဆုံဆွေးနွေးရေး ကော်မတီဘက်က စတင်ကျင်းပနေပါတယ်။

တွေ့ဆုံဆွေးနွေးရေး ကော်မတီက ၃ ရက်ကြာ အစည်းအဝေးကျင်းပပြီး ရလဒ်ကို ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို တင်ပြပြီး အတည်ပြုသွားမှာ ဖြစ်တယ်လို့ KNPP အထွေထွေအတွင်း ရေးမှူး ဦးရွှေမျိုးသန့် က ပြောပါတယ်။

"တွေ့ဆုံဆွေးနွေးရေး ကော်မတီတွင်း သူတို့အနေနဲ့ ဘယ်လိုတွေ့မယ်၊ ဘာညာဆိုတာကို ဘယ်လို အစီအစဉ် ဆွဲမယ်၊ ဆွဲပြီးတော့မှ အဲ့ကိစ္စတွေ ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ချပြမှာ။ အဲ့ဒါက ၃၀၊ ၃၁ မှာပေါ့။ ဆွေးနွေးပြီးတော့မှ ဗဟိုကော်မတီမှာ အတည်ပြုပြီးမှ ဒါတွေက အတည်ဖြစ်မှာ။ အဲ့လိုတွေ့ဆုံဖို့က ပမာဏ အလွတ်သဘောတွေ့တဲ့အချိန်မှာ ဆွေးနွေးပြီးတော့မှ သဘောတူညီချက် ရှိထားပြီးပြီ။ အဲ့ဒီတွက်ပြင်ဆင်တာပဲ"

အစိုးရနဲ့ နှစ်ဖက်တွေ့ဆုံပွဲကို လွိုင်ကော်မြို့မှာ ကျင်းပဖို့ KNPP ဘက်က တောင်းဆိုထားပြီး ဆွေးနွေးပွဲမှာ ပြည်ထောင်စု အစိုးရအဖွဲ့ တာဝန်ရှိသူတွေအပြင် ပြည်နယ်အစိုးရ တာဝန်ရှိသူတွေပါ တက်ရောက်ဖို့ လိုအပ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရဘက်က နှစ်ဖက်တွေ့ဆုံမယ့်အချိန်ကို မေးမြန်းနေတာတွေရှိနေပြီး KNPP ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးပြီးတဲ့ မတ်လ ၃၁ ရက်နေ့ နောက်ပိုင်းမှာ နှစ်ဖက်တွေ့ဆုံနိုင်ရေးအတွက် ရက်သတ်မှတ် သွားနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ အစိုးရနဲ့ တပ်မတော်ဘက်ပိုင်းက ဘယ်သူတွေတက်ရောက်မလဲဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။