လက်နက်ဖြုတ်သိမ်းရေးနဲ့ တပ်ဖျက်သိမ်းရေး မလုပ်နိုင်သေးကြောင်း KNLA ခေါင်းဆောင်တွေ ဆုံးဖြတ်


2018.01.07
knu-soldiers-622.jpg ကေအဲန်ယူ တပ်မဟာ(၇)ဌာနချုပ်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ ၆၇ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ KNLA တပ်သားတွေကို တွေ့ရစဉ်
Photo: RFA

နိုင်ငံရေးသဘောတူညီချက်တွေရရှိဖို့ မဆွေးနွေးနိုင်သေးဘဲ DDR ခေါ် လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက် သိမ်းရေးနဲ့ ဆိုင်တဲ့ကိစ္စတွေကို မလုပ်နိုင်သေးကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ရဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့က KNLA ဗဟိုဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တွေ အစည်းအဝေးမှာ လက်နက်ဖြုတ်သိမ်းရေး DDR အကြောင်းဆွေးနွေးခဲ့တာဖြစ်ပြီး တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို ဆိုင်းငံ့ထားဖို့ အကြံပြုချက်တွေရှိတယ်လို့ KNLA ကာကွယ်ရေးဌာနက တာဝန်ခံ ဗိုလ်မှူးကြီး စောရောဂျာခင် က ပြောပါတယ်။

"ရပ်တည်ချက်ကတော့ ချက်ချင်း DDR/SSR လုပ်ရင် လက်မခံနိုင်ဘူးပေါ့၊ နိုင်ငံရေးမှ ပြေပြေလည်လည် မှ မဆွေးနွေးနိုင်သေးဘဲနဲ့ ဘာမှအာမခံချက်မှမရှိဘဲ DDR/SSRကို လက်မခံနိုင်ဘူး၊ နိုင်ငံရေးတွေ့ဆုံ ပွဲက အဖြေကောင်းတွေ ထွက်လာမှပဲ  အဲဒါတွေလုပ်ဖို့ပါ၊ အခုက စောစော စီးစီးလုပ်တော့ KNLA က လက်မခံနိုင်ဘူးပေါ့၊ ဒီအတိုင်းအတာသွားလည်း လာမယ့် တတိယအကြိမ် ၂၁ ပင်လုံညီလာခံက ရပ်ဆိုင်းသင့် ရွှေ့ဆိုင်းသင့်တယ်ပေါ့"

KNLA အဖွဲ့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ စစ်ရေးဆိုင်ရာ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တဲ့အတွက် အဲဒီဆုံးဖြတ်ချက်ကို မကြာခင်ပြုလုပ်မယ့် KNU ဗဟိုကော်မတီ အစည်းအဝေးမှာ တင်ပြမယ်လို့ ဗိုလ်မှူးကြီး စောရောဂျာခင် က ပြောပါတယ်။

KNU ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက KNLA ရဲ့ ဆုံးဖြတ်ချက်ကို တရားဝင် မသိရသေးကြောင်းနဲ့ ၂၁ ပင်လုံ ညီလာခံ တက် မတက်ဆိုတဲ့ကိစ္စကို တစ်စုတစ်ဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ မဟုတ်ဘဲ အများသဘောတူညှိနှိုင်းမှု နဲ့ ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

လာမယ့် တတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမှာ အစိုးရ တပ်မတော်ဘက်က DDR/SSR လို့ ခေါ်တဲ့ တပ်ဖျက်သိမ်းရေး၊ လက်နက်ဖြုတ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စတွေ ကို ဆွေးနွေးလိုတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

KNU ဒုတိယ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက တပ်ဖျက်သိမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ဆိုတဲ့ ဝေါဟာရအပေါ်မှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နားလည်မှု မတူ တာကြောင့် ထပ်မံညှိနှိုင်းရဦးမယ်လို့ ပြောပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲမှာ KNU ဟာ အင်အားအကြီးဆုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ် ပါတယ်။ KNLA ဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ အရေးပေါ်အစည်းအဝေးကို စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တို့အပါအဝင် စစ်ဖက်ဆိုင်ရာအရာရှိ တစ်ရာကျော် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။