KNDO စစ်ဦးစီးချုပ်နဲ့ အရာရှိတစ်ဦးကို တာဝန်ရပ်စဲ

မြဝတီခရိုင် ဝေါလေမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်မေလက လူ ၂၅ ယောက် သတ်ဖြတ်ခံခဲ့ရတဲ့ ကိစ္စနဲ့ဆက်နွယ်ပြီး ဝေါလေဒေသအတွက် တာဝန်ရှိတဲ့ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော် KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနဲ့ ဒုဗိုလ်စောဘာဝါးတို့ နှစ်ယောက်ကို ရာထူးနဲ့တာဝန်ကို KNU က ဇန်နဝါရီ ၁၇ ရက်မှာ ရပ်စဲလိုက်တဲ့အကြောင်း ဒေသအခြေစိုက် မီဒီယာတွေမှာ ဖော်ပြပါတယ်။
တာဝန်ကနေရပ်စဲစာကို KNU ရဲ့ ကာကွယ်ရေးခေါင်းဆောင်ဖြစ်သူ ဗိုလ်မှူးကြီး စောရောဂျာခင်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာပါ။
KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC ရဲ့ ၃၅ ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အတွင်းရေးမှူးချုပ်ရုံးရဲ့ ညွှန်ကြားချက်အရ အခုလို တာဝန်ကနေ ရပ်စဲလိုက်တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။
ရပ်စဲထားလိုက်တဲ့ ဗိုလ်မှူးချုပ်စောနယ်ဒါးမြရဲ့ စစ်ဦးစီးချုပ်တာဝန်ကို ဒုစစ်ဦးစီးချုပ်ဖြစ်သူ ဒုဗိုလ်မှူးကြီး စောရှီးလေကို ခန့်အပ်လိုက်ပါတယ်။
မြဝတီခရိုင်၊ ဝေါလေမြို့နယ် ကနဲလေး- မော်ခီးသွား ကားလမ်း၊ အူးဟူချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်က အလုပ်သမားဆိုသူ ၄၇ ယောက်ထဲက ၂၅ ယောက်ကို KNDO က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် မေလ စွပ်စွဲခဲ့တာပါ။
KNDO ဟာ KNU ရဲ့ လက်အောက်ခံ အဖွဲ့အစည်းဖြစ်တာကြောင့် အဲဒီစွပ်စွဲချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမယ်လို့ ၂၀၂၁ ခုနှစ် ဇွန် ၁၆ က ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ မှာ KNDO တာဝန်ရှိသူနှစ်ယောက်ကို တာဝန်က ရပ်စဲတဲ့အကြောင်း KNU က ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။