နေပြည်တော်အနီးမှာ KNDF စစ်ဗျူဟာတစ်ခု ထပ်တိုးဖွဲ့စည်း
2024.06.10

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ အမှတ် (၈) ဗျူဟာကို တပ်ရင်းသုံးရင်းနဲ့ တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက ပြောပါတယ်။
“နေပြည်တော်နဲ့ နီးစပ်တဲ့ နေရာတွေမှာ အဓိက လှုပ်ရှားဖို့အတွက် ဖြစ်ပါတယ်။ အထူးသဖြင့် ပေါင်းလောင်းနဲ့ ပင်လောင်းဒေသတွေမှာ လှုပ်ရှားတဲ့ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ဖွဲ့ထားတာဖြစ်ပါတယ်”
အမှတ် (၈) ဗျူဟာလက်အောက်မှာ KNDF ရဲ့ တပ်ရင်းအမှတ် ၂၂၊ ၂၃ နဲ့ ၂၄ တပ်ရင်းတွေ ပါဝင်တယ်လို့ အမှတ် (၈) ဗျူဟာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း KNDF ရဲ့ အမှတ် (၇) ဗျူဟာကို ကယားပြည်နယ်မြို့တော် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တွေကို အခြေပြုပြီး တပ်ရင်းလေးခုနဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း၊ ပေါင်းလောင်းတို့မှာ အခြေချထားတဲ့ KNDF တပ်ဖွဲ့ကို ဗျူဟာရှစ်ခု တပ်ရင်းပေါင်း ၂၈ ခုနဲ့ ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး ကရင်နီတပ်မတော် (KA) အပါအ၀င် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်နေတယ်လို့ KNDF တာဝန်ရှိသူတွေက ပြောပါတယ်။