ဒုတိယ ပင်လုံညီလာခံ ဖြစ်မြောက်ရေး KIO ကြိုးပမ်းမည်
2011.02.05

KIO အဖွဲ့ရဲ့ နှစ် ၅၀ မြောက် တော်လှန်ရေးနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်ကနေ ၅ ရက်နေ့အထိ အရှေ့ပိုင်းတိုင်း တပ်မဟာ (၃) နယ်မြေ မိုင်ဂျာယန်ဒေသမှာ ကျင်းပနေပါတယ်။ အခမ်းအနားမှာ ဒီကနေ့ မိန့်ခွန်းပြောကြားရာမှာ KIO ဥက္ကဌ ဦးဇောင်းဟရား က တက်ရောက်လာတဲ့ ပြည်သူလူထု သုံးထောင်လောက်ကို ပင်လုံ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အဓိကထား ပြောသွားတယ်လို့ အခမ်းအနား တက်ရောက်နေတဲ့ ကချင်အမျိုးသားတဦးက RFA ကို ပြောပါတယ်။
“အဓိကတော့ ပင်လုံ သဘောတူညီချက် အကောင်အထည်ပေါ်တဲ့အထိ ကချင် လူမျိုးတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ တစုတစည်းတည်း လုပ်ဆောင်ရအောင် ဆိုပြီးတော့ တိုက်တွန်းတယ်။ တခြား တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း မဟာမိတ်လုပ်ထားတယ် ဆိုတဲ့အကြောင်း၊ အားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်မယ့်အကြောင်း၊ ဒုတိယအကြိမ်မြောက် ညီလာခံ ခေါ်ယူနိုင်ဖို့ အခြေအနေအထိ ကြိုးစား လုပ်ဆောင်သွားရအောင် တိုက်တွန်းသွားပါတယ်”
ဒါ့အပြင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကိုလည်း အင်အားတောင့်တင်းအောင် လုပ်ဆောင်သွားဖို့ လိုတဲ့အကြောင်း KIO ဥက္ကဋ္ဌက ပြောဆိုသွားပါတယ်။ အဲဒီနောက် ဒီနေ့ အခမ်းအနား နောက်ဆုံးနေ့ကို ကချင် မနောအကတွေနဲ့ ကျင်းပပါတယ်။ အခမ်းအနားကို လာရောက်တဲ့ ပြည်သူတွေကို အာဏာပိုင်တွေက လွယ်ကျယ်မြို့ အနီးမှာ စစ်ဆေးမေးမြန်းတယ်လို့ အဲဒီ ကချင်အမျိုးသားကပဲ ဆက်ပြောပါတယ်။
“လဝက ရယ်၊ ရဲရယ် မှတ်ပုံတင်တွေကြည့် နာမည်တွေ ယူတယ်၊ လိပ်စာတွေ ယူတယ်။ လွယ်ကျယ်အထွက် ဆေးရုံကုန်းမှာ စောင့်ပြီးတော့ စစ်တာ။ တချို့က စိုးရိမ်ပြီးတော့ တခြားလမ်းကနေ လာကြတယ်။ တရုတ်ပြည်လမ်းပေါ့။ တပ်မဟာ အလိုက် တပ်မဟာ တစ် နှစ် သုံး လေး၊ တပ်မဟာ ငါး။ တော်တော်များများ လာတယ်။ ပြည်သူတွေက ပိုများတာပေါ့”
KIO အဖွဲ့ဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ထိုးခဲ့ပါတယ်။ ၂ဝဝ၉ ခုနှစ် ဧပြီလမှာ KIO ကို နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က တိုက်တွန်းလာတဲ့ အချိန်ကစလို့ နှစ်ဘက်ဆက်ဆံရေး အခြေအနေ တဖြည်းဖြည်း ဆိုးဝါးလာနေပါတယ်။
၁၉၆၁ ခုနှစ် ဝန်ကြီးချုပ်ဦးနု အစိုးရလက်ထက် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်မယ့်အကြောင်း ကြေညာပြီးနောက်ပိုင်း ကချင်အမျိုးသား ဇော်တူး၊ ဇော်ဆိုင်း ဦးဆောင်ပြီး KIO အဖွဲ့ကို ရှမ်းပြည်နယ်မှာ စတင် ဖွဲ့စည်းခဲ့ပါတယ်။