အစိုးရထံက ခိုင်မာတဲ့ အာမခံချက် KIO ကချင်အဖွဲ့ တောင်းခံ
2011.06.21

RFA
လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အစိုးရဘက်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းချက် အမျိုးမျိုး ရရှိခဲ့ပေမဲ့ KIO က ငြိမ်းချမ်းရေး အရှည် တည်တံ့ရေး အတွက် ခိုင်မာတဲ့ အထောက်အထားတွေ မြင်တွေ့ရပါမှ စကား ပြောဆို ဆွေးနွေးမှာ ဖြစ်တယ်လို့ KIA တပ်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီး ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
ဇွန်လ ၉ရက်နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေစဉ်မှာ အပစ်အခတ် ရပ်စဲရေး အတွက် ဆက်သွယ်ရေး ဝန်ကြီးဟောင်း မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလည် ဦးသိန်းဇော်က KIO နဲ့ အဆက်အသွယ် အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး KIO အဖွဲရဲ့ပြန်ကြားချက်ကို ဗိုလ်မှူးချုပ်ဂွမ်မော်က အခုလို ပြောပြပါတယ်။
"စာအရဆိုရင် ဦးသိန်းဇော်ဟာ အစိုးရ ကိုယ်စား ပြောနေတာ မဟုတ်ဘဲနဲ့ မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလည် တဦးအနေနဲ့ အကြောင်းကြားတာ ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ခိုင်မာတဲ့သက်သေ အထက်ကနေ ရရှိဖို့ လိုတယ်။ ဒါကြောင့် တပ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကနေပြီးတော့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားပြီး ဖြစ်တယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထား ပို့ပေးပါလို့ ကျနော်တို့ အဲလို အကြောင်းကြားထားတာ ဖြစ်တယ်။"
ခုလိုKIO အနေနဲ့ တောင်းဆိုရတာဟာ ဇွန်လ ၉ရက်နေ့ နောက်ပိုင်း အပစ်ရပ်စဲရေး အတွက် ဦးသိန်းဇော်က အာမခံပေမဲ့ အစိုးရတပ်တွေက ထိုးစစ်များ မရပ်စဲခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ဦးသိန်းဇော်က KIO ကို အဆက်အသွယ် လုပ်နေချိန်မှာလည်း တိုက်ပွဲ တချို့ ဆက်ပြီး ဖြစ်ပွားနေသလို အစိုးရတပ်တွေ KIO နယ်မြေတွေမှာ တိုးချဲ့ နေတာတွေလည်း လက်တွေ့ မြင်နေရတယ်လို့ KIO က ပြောပါတယ်။
KIA အဖွဲ့ ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ကို အာအက်ဖ်အေ အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |