ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး မြစ်ကြီးနားမြို့မှာ ဖွင့်လှစ်
2013.07.23

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာ ကေအိုင်အိုအဖွဲ့ဝင် ၁၅ ဦးပါတဲ့ နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံး (Technical Advisory Team) ကို နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဦးဆွမ်လွတ်ဂမ် ခေါင်းဆောင်တဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တို့က ဒီကနေ့ မနက် ၉ နာရီမှာ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင်မှာ သာ ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ကေအိုင်အို ကိုယ်စားလှယ် ဦးဆွမ်လွတ်ဂမ်က ဒီကနေ့ရုံးဖွင့်ပွဲမှာ အခုလို ပြောပါတယ်။
"ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဖြစ်နေ တဲ့ နိုင်ငံရေးပဋ္ဋိပက္ခကို ဖြေရှင်းရာမှာ တိုင်းရင်းသားအရေးကို ဖြေရှင်းနိုင် မှ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်၊ တိုင်းရင်းသားအရေးကို မဖြေရှင်းနိုင်သမျှ ကာလပတ်လုံး ရေရှည်တည်တံ့ခိုင်မြဲတဲ့ စစ်မှန်သောတည်ငြိမ်အေးချမ်းမှုကို ရရှိနိုင်မည်မဟုတ်ပါ”
အပစ်အခပ်ရပ်စဲထားရုံ သက်သက်မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အများစုက အဆင်သင့်ဖြစ်နေပြီလို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောပါတယ်။
"တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ဘုံဆန္ဒရှိတယ်ဆိုတာကို သဘောထားပြောထားပြီးဖြစ်ပါတယ်၊ မိဘပြည်သူများခင်ဗျာ ကျနော်တို့တိုင်ပြည်မှာ ငြိမ်းချမ်းရေးအတွက် ရင့်မှည့်တဲ့အချိန် ရောက်နေပါပြီ၊ အပစ်အခတ်ရပ်စဲထားရုံမဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှုကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ အများစုကအဆင်သင့်ဖြစ်နေကြပါပြီ၊ လက်နက်ကိုင် ပဋ္ဋိပက္ခနဲ့ ပြဿနာအဖြေရှာဖို့ မရဘူးဆိုတာ ကျနော်တို့အားလုံး သဘောပေါက်ပြီးဖြစ်ပါတယ်”
ဒီကနေ့ဆွေးနွေးပွဲကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူ ၅၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ရဲ့ နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့ ရုံးခန်းဖွင့်လှစ်ပွဲတက်ရောက်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ တိုးတက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ဦးဝင်းနိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။