KIO နဲ့ ဆက်သွယ်မှု ပုဒ်မတပ်ဖမ်းဆီးခံရသူ ၇၀ ကျော်ရှိ
2012.08.12
ပုဒ်မ ၁၇ (၁) တပ်ပြီး နည်းမျိုးစုံနဲ့ စစ်ဆေးရာမှာ လုံးဝ အပြစ်မရှိသူတွေကို ရမန်ကာလအတွင်း တခြား ပုဒ်မတွေနဲ့ ပြောင်းလဲစွဲဆိုပြီးနောက် ပြစ်ဒဏ် ချမှတ်နေတယ်လို့လည်း အကျိုးဆောင် ရှေ့နေတွေက ပြောပါတယ်။ ဖမ်းဆီး စစ်ဆေးပြီး ဖြောင့်ချက်ယူရာမှာ နှိပ်စက်မှုတွေ အပါအဝင် အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်လို့ အကျိုးဆောင် ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
"၁၇ (၁) နဲ့ စွဲဆိုခံရတဲ့သူ တော်တော်များနေတယ်ပေါ့နော်။ များသောအားဖြင့်က ပြစ်မှု အမှန်တကယ် မကျူးလွန်ဘဲ စွဲဆိုခံရတဲ့ပုံစံကို ကျနော် တွေ့ရတယ်။ ဖမ်းဆီးတဲ့ ပုံစံကလည်း လူ့အခွင့်အရေး တော်တော် ချိုးဖောက်တဲ့ ပုံစံ တွေ့ရတယ်။ နှိပ်စက်ညဉ်းပန်းပြီးမှ ပြစ်မှု ဝန်ခံခိုင်းတယ်။"
ပြောင်းလဲစွဲဆိုပြီး ပြစ်ဒဏ် ချမှတ်လေ့ရှိတဲ့ ပုဒ်မတွေကတော့ ထောင်ဒဏ် (၃) နှစ်အထိ အပြစ်ပေးနိုင်တဲ့ ခြိမ်းခြောက် ပိုက်ဆံ တောင်းယူမှု ပုဒ်မ (၃၈၄)၊ ထောင်ဒဏ် (၁၀) နှစ်အထိ အပြစ်ပေးနိုင်တဲ့ အပြင်းအထန် နာကျင်စေမည်ဟုခြိမ်းခြောက်ကာ ပိုက်ဆံ တောင်းယူခြင်း ပုဒ်မ (၃၈၆) တို့ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်နယ်တရားရုံးက အမှုတစ်မှုကို (၈) လကနေ (၉) လအထိ အချိန်ယူ စစ်ဆေးလေ့ရှိတဲ့ အပြင် ရုံးချိန်းသွားရတဲ့ မိသားစုဝင် အများစုဟာ စစ်ပြေးဒုက္ခသည် စခန်းတွေကနေ လာရောက်ကြရတာ ဖြစ်တဲ့အတွက် အင်မတန် ဒုက္ခရောက်ကြရတယ်လို့ ဒီအရေးကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ မြစ်ကြီးနားမြို့က နောက်ဆုံးနှစ် ဥပဒေ ကျောင်းသူ တစ်ဦးက RFA ပြောပါတယ်။
"ဒီ ၁၇ (၁) နဲ့ ဖမ်းထားတဲ့ မိသားစုတွေက ဝင်ငွေ မရှိဘူး။ သူတို့ က နေ့စားသွားတယ်လေ။ ဒါပေမဲ့ တခါတလေမှ နေ့စားရှိတယ်။ တခါသွားရင် ၂၅၀၀ ပဲ ရတယ်။ ရုံးချိန်က တစ်လမှာ ၄ ခါ သွားရတယ်။ ထောင်ဝင်စာက တပတ်ကို တကြိမ်ဆိုတော့ တစ်လကို ၈ ခါ သွားရတယ်။ တစ်ခါသွားရင် တစ်သောင်းလောက် ကုန်တယ်။ သူတို့ အရမ်းဒုက္ခရောက်တယ်။ "
လောလောဆယ်အထိ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတပ်ပြီး ဖမ်းဆီးခံထားရသူတွေထဲက တရားရုံးကို ရောက်တာ ၂၆ မှုရှိပြီး၊ အမိန့်ချမှတ်လိုက်တာ ၁၀ မှုပဲ ရှိတယ်လို့ ဆိုပါတယ်။ ကျန်တဲ့သူ အများစုကတော့ ရှေ့နေ မငှားနိုင်တဲ့အတွက် မြစ်ကြီးနားထောင်ထဲမှ ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။ မတရားသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ထောင်ချခံရသူ အများစုဟာလည်း အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းမှုဒဏ်ကို မခံနိုင်လို့ ဝန်ခံလိုက်ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တရားစွဲဆို ပြစ်ဒဏ်ချနေတာနဲ့ ပတ်သက်လို့ ပြည်နယ်တရား လွှတ်တော်ရုံးကို RFA က ဆက်သွယ်ခဲ့ပေမယ့် တစုံတရာတုံ့ပြန်မှု မရရှိသေးပါဘူး။