နိုင်ငံရေးဆွေးနွေးမှုမျိုး ကေအိုင်အို လိုလား
2011.11.22

KNG
နိုင်ငံရေး ဆွေးနွေးမှုလုပ်ရင် အပစ်ခတ် ရပ်စဲရေးဟာ အလိုလို ဖြစ်သွားနိုင်ကြောင်းကိုလည်း ထည့်သွင်း ပြောသွားပါတယ်။
တိုင်းရင်းသား အဖွဲ့တွေဖြစ်တဲ့ SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံး၊ ကေအင်ပီပီ ကရင်နီအမျိုးသား တိုးတက်ရေးပါတီအဖွဲ့တွေနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က ထိုင်း မြန်မာ နယ်စပ် တစ်နေရာမှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ အဲဒီနေ့မှာပဲ ကေအိုင်အို ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဦးလာနန်းက အတည်ပြု ပြောပါတယ်။ ဒါပေမဲ့ နှစ်ဘက် ဘာတွေ ဆွေးနွေးသလဲဆိုတာ မသိရသေးကြောင်းလည်း ပြောပါတယ်။
ကေအိုင်အိုနဲ့ အစိုးရအကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တာဟာ အရင် စစ်အစိုးရ လက်ထက်က ကေအိုင်အိုကို နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ ဖိအားပေးခဲ့တာကို ကေအိုင်အိုဘက်က လက်မခံနိုင်လို့ အခုလို စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့ရကြောင်း ဦးလာနန်းက ပြောပါတယ်။
ကေအိုင်အို ခေါင်းဆောင်တွေနဲ့ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်တဲ့ ကချင်ပြည်နယ်အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ အပစ်ခတ် ရပ်စဲရေးအတွက် ဩဂုတ်လ ၂ ရက်က နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပေမဲ့ နောက်ပိုင်းမှာ တွေ့ဆုံမှုတွေ ပျက်ပြား သွားခဲ့ပါတယ်။