စစ်ကိုင်း ကင်းတော်ရွာမှာ PDF ၁၅ ဦးနဲ့ အရပ်သားသုံးဦး သတ်ဖြတ်ခံရ
2023.06.26

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ကင်းတော်ရွာအနီးက PDF စခန်းတစ်ခု ဇွန်လ ၂၅ ရက် မနေ့က စီးနင်းခံရပြီး PDF တပ်ဖွဲ့၀င် ၁၅ ဦးနဲ့ အရပ်သားသုံးဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဇွန်လ ၂၅ ရက် မနက်အစောပိုင်းမှာ အင်အား ၅၀ လောက်ပါတဲ့ စစ်ကောင်စီတပ်သားတွေ ဟာ ဧရာဝတီမြစ်ကမ်းဘေး၊ ကင်းတော်ရွာ အရှေ့ဘက် ဘုရားကုန်းအနီးမှာရှိတဲ့ PDF စခန်းတစ်ခုကို စီးနင်းခဲ့တာလို့ ဆိုပါတယ်။
အဲဒီစခန်းမှာရှိနေတဲ့ PDF ၁၅ ဦးစလုံး အသတ်ခံလိုက်ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ စစ်ကိုင်းမြို့နယ်ထဲမှာရှိတဲ့ PDF တပ်ဖွဲ့ ဒုတိယခေါင်းဆောင်တစ်ဦးက RFA ကို ပြောပါတယ်။
“မနက်အစောကြီးမှာ မော်တော်နဲ့ ကမ်းကိုကပ်ပြီး စခန်းကိုစီးသွားတာ မနက် ငါးနာရီခွဲ ဆိုတော့ ကင်းလွတ်သွားတဲ့အချိန်ပေါ့။ အဲဒီအချိန်မှာပဲ အကုန်အသတ်ခံလိုက်တယ်။ အဖွဲ့ကတော့ ငါန်းဇွန်ဘက်က PDF တပ်ဖွဲ့တွေပါ။ သူတို့က စစ်ကိုင်းဘက်မှာ စခန်း ခဏချထားတာ”
သေဆုံးသူတွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီးသုံးဦး ဖြစ်ပြီး စစ်ရေးအရခုခံချိန်မရလိုက်ခင်မှာပဲ အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။
သူတို့ရဲ့ ရုပ်အလောင်းကိုတော့ ဇွန်လ ၂၅ နဲ့ ၂၆ ရက် ဒီနေ့တွေမှာ သင်္ဂြိုဟ်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
အခုစီးနင်းခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် ကျောက်တလုံးရွာ ကနေ ဧရာဝတီမြစ်ကိုဖြတ်ကူးပြီး စစ်ကိုင်းမြို့နယ်ထဲကိုရောက်လာတာလို့ PDF တပ်ဖွဲ့ ဘက်က ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ PDF စခန်းကို စီးနင်းပြီးနောက် ကင်းတော်ရွာထဲကို ထပ်မံဝင်ရောက် စီးနင်းပြီး အသက် ၃၇ နှစ်အရွယ် ရွာခံကိုမြင့်ကျော်သူနဲ့ အသက် ၅၀ အရွယ် ဦးမောင်စန်း တို့ကိုပါ သေနတ်နဲ့ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့မှာတော့ အဲဒီစစ်ကြောင်းဟာ နောက်ထပ်အင်အား ၅၀ ထပ်ဖြည့်ပြီး နောက် ကင်းတော်၊ မြင်းဆည်၊ လက်ပန်တော၊ မြစ်သာ၊ သုံးလင့်၊ ဥယျာဥ်စတဲ့ရွာတွေ အပါအဝင် ရွာခုနစ်ရွာကိုပါ စီးနင်း၀င်ရောက် ခဲ့တယ်လို့ ဆိုပါတယ်။
မြင်းဆည်ရွာကို စစ်ကြောင်းဝင်ရောက်ချိန် အသက် ၆၉ နှစ်အရွယ်ဦးပေါက်စ ပစ်သတ်ခံခဲ့ရ သလို သူ့ရဲ့ ဇနီးဖြစ်သူပါ ပျောက်ဆုံးနေပြီး အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးလည်း သေနတ်ထိမှန်လို့ ဆေးကုသမှု ခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် လက်ပန်တောရွာကိုပါမီးရှို့ခဲ့လို့ နေအိမ်တစ်ရာနီးပါး မီးလောင်ပျက်စီးခဲ့တဲ့အပြင် ရွာသားကိုဖိုးပြား ဆိုသူလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်း ဒေသခံ တွေကပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့က စစ်ကြောင်းထိုးလာတာကြောင့် ရွာခုနစ်ရွာက ဒေသခံတစ်သောင်း ကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ကိုင်းမြို့နယ်ထဲက စစ်ဘေးဒုက္ခသည် တွေကို အကူအညီပေးနေသူတစ်ဦးက RFA ကိုပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ကင်းတော်ရွာနဲ့ ဥယျာဉ်ရွာအနီးက PDF စခန်းတွေကိုစီးနင်းခဲ့ပြီး အလောင်းတချို့၊ စနိုက်ပါသေနတ်တစ်လက်အပါအဝင် လက်နက် ၁၅ လက်နဲ့ လက်နက် ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့သတင်းစာတွေကနေ ဇွန်လ ၂၆ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
အရပ်သားတွေသေဆုံးတာနဲ့ နေအိမ်တွေ မီးရှို့ခံရတာကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ ၂၀၂၃ ခုနှစ်၊ မေလ အတွင်း မှာပဲ အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ကြောင့် PDF တပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။