မတ္တရာမြို့နယ် စကားပင်ရွာမှာ ဒေသခံ ရှစ်ဦး အသတ်ခံရ

RFA Burmese
2024.02.22
မတ္တရာမြို့နယ် စကားပင်ရွာမှာ ဒေသခံ ရှစ်ဦး အသတ်ခံရ မတ္တရာအ​ရှေ့ခြမ်းကျေးရွာများအတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဒေသခံများကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းက စကားပင်ရွာကို ဖေဖော်ဝါရီလ ၁၉ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီးနောက် အသက် ၁၅ နှစ်ဝန်းကျင် အမျိုးသား သုံးဦး အပါအဝင် ဒေသခံ ရှစ်ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၆ နာရီလောက်မှာ မတ္တရာမြို့နယ် အင်ကြင်းမြိုင် အထိုင်ချတပ်စခန်းက ထွက်လာတဲ့ အင်အား ငါးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ်က စကားပင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး အခုလို ဖမ်းဆီးပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အသတ်ခံရသူတွေဟာ စကားပင်ရွာက အသက် ၁၄ နှစ်အရွယ်တွေဖြစ်ကြတဲ့ ထက်ရှိန်းဦး၊ ဝေယံမိုး၊ အသက် ၁၅ နှစ်အရွယ် အောင်ဇင်ဖြိုးနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလို့ ယူဆရတဲ့ အမျိုးသား ငါးဦးဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"စကားပင်ရွာကို စစ်ကြောင်းထိုးပြီး ဖမ်းသွားကြတာ။ အသတ်ခံရတဲ့ ကလေးတွေက အရင်က မန္တလေးမှာ နေတာ။ ပေါ်တာ ရှောင်လာပုံရပါတယ်။ ရောက်တာမှ ရက်ပိုင်းပဲ ရှိသေးတယ်။ ကလေး သုံးယောက်ပေါ့။ ကျန်တာက ရဲဘော်ငါးယောက်လို့ ကြားတယ်။ သက်ဆိုင်ရာ အဖွဲ့တံဆိပ်တွေပါ ပါတယ်ပြောတယ်။ ရွာပြင်ကို ခေါ်ထုတ်ပြီး ပစ်သတ်ထားခဲ့တာ"

စစ်ကောင်စီကို ထောက်ခံရေးသားတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီလ ၁၉ ရက်က မတ္တရာမြို့နယ်က အသတ်ခံရသူတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင် ရှစ်ဦးဖြစ်ပြီး စကားပင်ရွာရဲ့ မြောက်ဘက် ဘုန်းကြီးကျောင်းမှာ အခြေပြု လှုပ်ရှားကြသူတွေလို့ ရေးသားဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြန်ကြားရေးတာဝန်ရှိသူကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်သေးပါဘူး။

ဒေသခံတွေရဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ ဆိပ်သာရွာထဲကို ဝင်ရောက်စီးနင်းခဲ့ပြီး ရွာထဲက ထွက်ပြေးဖို့ပြင်နေတဲ့ ဒေသခံ နှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစချိန်ကစလို့ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ဆင်ရေးတွေ ပိုပြီးလုပ်ဆောင်လာသလို အခု ၂၀၂၄ ခုနှစ်အတွင်းမှာ ရွာတွေကို စစ်ကြောင်းထိုးတာတွေကြောင့် အမြဲတမ်း စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်ရှိနေပြီး အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

UNKNOWN
2024-02-27 04:12

ဖေဖေနဲ့မေမေကိုခုထိရှာလို့မတွေ့သေးလို့ပါရှင့် ဒီနေ့ရောဆို ၉ ရက်တောင်ရှိသွားပါပီရှင့် ကျေးဇူးပြုပီးရှာပေးကြပါအုန်းရှင့် U MIN SWE & DAW MU KHIN PAR