ရေးမြို့နယ်မှာ ဒေသခံတစ်ဦး ပစ်သတ်ခံရပြီး နှစ်ဦး ဖမ်းဆီးခံရ
2024.07.11

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ရွာအနီးမှာ ဇူလိုင်လ ၈ ရက်နေ့က ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး နောက်ထပ်နှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွမ်းခြံက ပြန်လာတဲ့ အသက် ၅၀ အရွယ် အာယုတောင်ရွာသား ဦးနိုင်ဝင်းဟာ စစ်ကောင်စီရဲ့ ခမရ (၃၄၂) တပ်ရင်း စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး ပစ်သတ်ခံရတာလို့ ရေးမြို့နယ် ဒေသကာကွယ်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုရေးဘီးလူးက RFA ကို ပြောပါတယ်။
"၇ ရက်နေ့က တောင်စွန်းနားမှာ စစ်ကောင်စီတပ်နဲ့ ကျွန်တော်တို့ ထိတွေ့မှု ခဏဖြစ်တယ်။ နောက်နေ့ နယ်မြေရှင်းလင်းရေးလုပ်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ သွားတိုးလို့ ပစ်သတ်ခံရတာပါ။ သေဆုံးသူရဲ့ ဆိုင်ကယ်ကိုလည်း သူတို့ယူသွားပါတယ်"
ဖမ်းဆီးခံရသူနှစ်ဦးရဲ့ အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၀ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးသူပေါင်း ၅၃၇၇ ဦးအထိ ရှိနေပါပြီ။