လက်နက်ကြီးကြောင့် ခင်ဦးမြို့နယ် အင်းပတ်ရွာဒေသခံနှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်းပတ်ရွာကို မတ်လ ၄ ရက်နေ့ မနက် ၅ နာရီကျော်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၃၀ အရွယ် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက အင်းပတ်ရွာထဲကို လက်နက်ကြီး ငါးလုံး ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ် မညိုဦးနဲ့ ကိုထွန်းတို့ ပေါင်နဲ့ နောက်ကျောမှာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"ဒဏ်ရာ မပြင်းထန်ပါဘူး။ လိုအပ်တဲ့ ဆေးကုသမှုတွေတော့ လုပ်ပေးထားတယ်။ စစ်ကြောင်းစဝင်ထဲက ရွာရှိလူကုန် လွတ်ရာရှောင်ကြတာပေါ့။ မရှောင်ဘဲ ရွာမှာ အစောင့်ကျန်တဲ့သူတွေလည်းရှိတော့ ဟိုကလက်နက်ကြီးနဲ့ ပစ်တဲ့အခါ အဲဒီလူတွေ ထိတာပါ"
လက်ရှိမှာ ခင်ဦးမြို့နယ် ကျေးရွာဆယ်ရွာက ဒေသခံ ၅,၀၀၀ ကျော်က အိုးအိမ်စွန့်ခွာ ထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
RFA ရဲ့စာရင်းတွေအရ ၂၀၂၂ ခုနှစ် သြဂုတ်လကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ လက်နက်ကြီး၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံ ၂၁၈ ဦး သေဆုံးခဲ့ပြီး ၅၉၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။