ကချင်ဒေသ ပြဿနာကို ကြားဝင်ဖို့ တရုတ်ကို KIA ပန်ကြား

မြန်မာ အစိုးရတပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ ကေအိုင်အေ ကချင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က တရုတ် အစိုးရကို ဝင်ရောက် ကူညီဖြေရှင်းပေးဖို့ မနေ့က ပန်ကြားလိုက်ပါတယ်။

2011.06.17

မြန်မာ အစိုးရရဲ့ အဓိက မဟာမိတ် နိုင်ငံ ဖြစ်တဲ့ တရုတ် အစိုးရကတော့ နှစ်ဖက်စလုံး အနေနဲ့ မတူညီတဲ့ လိုလားချက်တွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ညှိနှိုင်း ဆွေးနွေး ဖြေရှင်းကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

တရုတ်နဲ့ မြန်မာ နယ်စပ် ဒေသမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်း၊ တင်းမာမှု အခြေအနေတွေ ပိုဆိုး မလာအောင် နှစ်ဘက် စလုံးက ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက် စေလိုကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Hong Lei က မနေ့က ပြောပါတယ်။

ကေအိုင်အေ ကချင် လွတ်မြောက်ရေး အဖွဲ့က တရုတ် အစိုးရကို ဒိုင်သူကြီး အဖြစ် ကြားဝင် စေ့စပ် ဆောင်ရွက် ပေးစေလိုကြောင်း ပန်ကြားခဲ့ အပြီးမှာ တရုတ် အစိုးရက အခုလို တုံ့ပြန် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီပြဿနာကို တခြား နိုင်ငံ တခုက မျက်မြင် သက်သေအဖြစ်၊ ကြားဝင် စေ့စပ်ပေးသူ အဖြစ် ပါဝင် ဆောင်ရွက်ပေးမှု မရှိဘဲနဲ့တော့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ပုဂ္ဂိုလ် Henry Branglai က တရုတ်နယ်စပ် အနီးမှာ ရှိတဲ့ ကေအိုင်အေ ရုံးချုပ်မှာ မနေ့က ပြောဆိုခဲ့ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။