စစ်ရဟတ်ယာဉ်တစ်စင်းကို ပစ်ချခဲ့ကြောင်း KIA အတည်ပြု
2024.01.03

Updated 4:37 PM Jan 16, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် နာဖော့ စစ်ကောင်စီတပ်စခန်းထံ ရိက္ခာလာပို့တဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇန်နဝါရီ ၃ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ ပစ်ချခဲ့ကြောင်း KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို အတည်ပြုပြောဆိုပါတယ်။
စစ်ရဟတ်ယာဉ်တစ်စင်း မီးခိုးတွေအူပြီး မြေပြင်ကို ဖြည်းဖြည်းချင်း ဇောက်ထိုးဆင်း သွားတာ မြင်တွေ့ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ နမ်ဆန်ယန်ရွာ ဒေသခံတွေက ပြောပါတယ်။
စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျသွားတာကို အတည်ပြုနိုင်ပြီး အသေးစိတ် အချက်အလက်ကို စုံစမ်းနေတယ်၊ ရဟတ်ယာဉ်ပျက်ကျပြီးနောက်မှာ အဲဒီနေရာကို စစ်တပ်က ဗုံးကြဲနေကြောင်း သတင်းရတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က RFA ကို ဒီနေ့မွန်းလွဲပိုင်းက အတည်ပြုပြောဆိုပါတယ်။
“အတည်ပြု ပြောလို့ရပါတယ်။ ကျွန်တော်တို့ ရှေ့တန်းကနေ လေယာဉ်ကို ပစ်တာလည်း သေချာပါတယ်။ ပြုတ်ကျတာလည်း သေချာပါတယ်။ ဒါပေမဲ့ ပစ်တာထိမှန်လို့လား၊ စက်ချို့ယွင်းချက်ရှိလို့လား ဆိုတာတော့ ပြည့်ပြည့်စုံစုံ မသိရသေးဘူး။ အခုလည်း ပျက်ကျသွားတဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ဂျက်တိုက်ခိုက်ရေး လေယာဉ်တွေ ဝဲနေတယ်လို့ မြေပြင်က သတင်းပို့လာတယ်။ ပျက်ကျတဲ့ နေရာနားကို ဗုံးကြဲနေတယ်လို့လည်း ဒေသခံတွေက ပြောတယ်”
ပျက်ကျတဲ့ ရဟတ်ယာဉ်အမျိုးအစားနဲ့ လူဘယ်နှယောက် လိုက်ပါလာသလဲ၊ သေဆုံးထိခိုက်ရှိသလား စတဲ့ အသေးစိတ်အချက်အလက်တွေကို အတိအကျ မသိရသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီ မထိုးခင်လေးမှာ စစ်ရဟတ်ယာဉ်တစ်စင်း မီးခိုးတွေအူပြီး နမ်ဆန်ယန်ရွာအနီး ပျက်ကျသွားတာကို အဝေးကနေ ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ နမ်ဆန်ယန်ရွာသားတစ်ဦးက ပြောပါတယ်။
“နေ့လယ် ၁၂ နာရီထိုးဖို့ ၁၀ မိနစ်လောက်အလိုမှာ အပစ်ခတ်ခံရတယ်။ နာဖော့ တပ်စခန်းမှာ ရိက္ခာလာချတာ နှစ်စင်းလာတာ၊ တစ်စင်းထိသွားတယ်။ ရိက္ခာလာချပြီး ပြန်တက်တဲ့အချိန် အပစ်ခံရတာ။ နမ်ဆန်ယန်ကျေးရွာနဲ့ သိပ်မဝေးတဲ့ တောင်ကုန်း နားမှာ ပျက်ကျသွားတာ”
အခု စစ်ရဟတ်ယာဉ်ပစ်ချခံရတဲ့ နာဖော့တပ်စခန်းဟာ KIA ဌာချုပ်ကို ခုခံကာကွယ်ပေးနေတဲ့ KIA တပ်မဟာ (၅) ထိန်းချုပ်ရာ နယ်မြေထဲမှာ တည်ရှိပါတယ်။ စစ်ကောင်စီတပ်က ၂၀၂၃ ဇူလိုင်လကစပြီး KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် KIA တပ်မဟာ (၅) လက်အောက်ခံတပ်တွေက ဌာနချုပ် မကျရေးအတွက် စစ်ကောင်စီရဲ့ လေကြောင်း၊ ကြည်းကြောင်းရန်ကို ခုခံကာကွယ်နေရတယ်လို့ အမည်မဖော်လိုတဲ့ KIA အရာရှိတစ်ဦးက ပြောပါတယ်။
စစ်ရဟတ်ယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ကယားပြည်နယ်မှာလည်း ၂၀၂၃ နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ပိုင် K-8 အမျိုးအစား တိုက်လေယာဉ် တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုး လေထီးနဲ့ ခုန်ချထွက်ပြေးခဲ့ပေမယ့် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကရင်နီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ကလည်း Mi-17 စစ်ရဟတ်ယာဉ်တစ်စင်း စက်ချို့ယွင်းပြီး ချင်းပြည်နယ် ဟားခါးမြို့အနီးမှာ ပျက်ကျခဲ့ဖူးပါတယ်။
ရုရှားလုပ် စစ်ရဟတ်ယာဉ်တွေကို မြန်မာလေတပ်က သယ်ယူပို့ဆောင်ရေးနဲ့ တိုက်ခိုက် ရေးမှာ အသုံးပြု နေတယ်လို့ လက်နက်ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အဲဒီရဟတ်ယာဉ်တွေကို စစ်ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ Sky Aviator Company Limited က ၂၀၁၉ မှာ ကြားပွဲစားလုပ်ပြီး ရုရှားကနေ ဝယ်ယူပေးခဲ့တယ်လို့ Justice for Myanmar အဖွဲ့က ပြောပါတယ်။
(အမှားပြင်ဆင်ချက် - ချင်းပြည်နယ် ဟားခါးမြို့အနီး၊ စစ်ရဟတ်ယာဥ် စက်ချို့ယွင်းပြီး ပျက်ကျခဲ့သည့် ခုနှစ်အား ၂၀၂၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်ဟု ပြင်ဆင်ထားပါတယ်။)